MoU လုပ်သားများ လစာပြန်လွှဲဖို့ အေဂျင်စီတို့အား ဖိအားပေးနေပြန်
ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆
အာဏာသိမ်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက MoU စနစ်ဖြင့် သွားရောက်လုပ်ကိုင်နေသော အလုပ်သမားများ၏ လုပ်ခ လစာထဲမှ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားသည့်ဘဏ်များမှ ပြန်လွှဲပေးရေး ပြည်ပအလုပ်အကိုင်အေဂျင်စီများအား တင်းတင်းကျပ်ကျပ်လုပ်ဆောင်ရန် ဖိအားပေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၂၉ ရက် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA)နှင့် ပြည်ပအလုပ်အကိုင် အေဂျင်စီ ၁၀ ခုထက်မနည်းကို ခေါ်ယူကာ MoU အလုပ်သမားများ မိသားစုထံ လွှဲငွေ ၂၅ ရာခိုင်နှုန်း ပြည့်ပြည့်၀၀ ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
MOEAA ဥက္ကဋ္ဌက “ခေါ် ယူစစ်ဆေးတာမဟုတ်ဘူး။ ၂၅ ရာခိုင်နှုန်း အတွက်ပဲ မေးတာပါ။ အခွန်ရော ဘယ်လောက်ထိ ဆောင်ထားလဲ။ ဆောင်ထားတယ်ဆိုရင် အိုခေတယ်။ မဆောင်ထားရင် အရေးယူမှုရှိမရှိကို မေးတာပါ။ သတ်မှတ်ထား တဲ့အချိန်အတွက် သတ်မှတ်ထားတဲ့ပမာဏ မရောက်ရင် ခေါ်မေးတာပါ။ အေဂျင်စီ တခုချင်း အလိုက်တော့ မဟုတ်ပါဘူး။ အေဂျင်စီ ၁၀ ခုလောက်ပါပဲ”ဟု ဧရာဝတီကို ပြောသည်။
မြန်မာလုပ်သားများရရှိသည့် လစာဝင်ငွေထဲမှ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံ လစဉ် သို့မဟုတ် ၃ လစာပေါင်း၍ ၃ လတကြိမ် မြန်မာနိုင်ငံရှိ ဘဏ်များမှတဆင့် တရားဝင်လမ်းကြောင်းဖြင့် လွှဲပို့ရမည်၊ မလိုက်နာက ပြည်ပသို့ အလုပ်ထွက် လုပ်ခွင့် ၃ နှစ် ပိတ်သိမ်းမည်ဟု ၂၀၂၄ ခုနှစ်က စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။
ယခု ခေါ်ယူမေးမြန်းရာတွင် ပြည်ပသို့ ပို့ဆောင်ထားသည့် အလုပ်သမားအရေအတွက်အလိုက် ၎င်းတို့၏ လစာငွေ လွှဲ မလွှဲနှင့် လစာငွေပမာဏများအပြင် အခွန်ဆောင်သည့် အခြေအနေများကိုပါ မေးမြန်းခဲ့ကြောင်းလည်း သိရသည်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် ၎င်းတို့ တာဝန်ယူစေလွှတ်ခဲ့သည့် အလုပ်သမားများ ၏ မိသားစုလွှဲပို့ငွေများကို ကြပ်မတ်စောင့်ကြည့်ရန်နှင့် သတ်မှတ်ချက်နှင့်အညီ လွှဲပြောင်းထားခြင်းရှိ၊ မရှိ စိစစ်တင်ပြရ မည်ဟုလည်း ထပ်မံညွှန်ကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ တာဝန်ယူစေလွှတ်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား များ၏ မိသားစုလွှဲပို့ငွေများကို ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ စေလွှတ်ထားသည့် အလုပ်သမားစာရင်းအလိုက် စိစစ် သွားမည်ဟု သိရသည်။
ထိုသို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ တာဝန်ယူစေလွှတ်သည့် အလုပ်သမားများ၏ မိသားစု လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနှင့် ပတ်သက်သော အထောက်အထားများကို လူဦးရေအလိုက် ရာခိုင်နှုန်းပြည့် တင်ပြနိုင်ခြင်း မရှိပါက စက်တင်ဘာလ ၁ ရက်မှစ၍ အလုပ်ခေါ်စာ (Demand Letter) အသစ်တင်ပြခွင့် ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။
၎င်းတို့သတ်မှတ်သည့် တရားဝင်ဘဏ်လမ်းကြောင်းမှ ငွေလွှဲနှုန်းသည် ပြင်ပဈေးကွက်နှင့် ဟွန်ဒီငွေလွှဲစနစ်များမှ ရသည့် ငွေလဲနှုန်းထက် နည်းပါး၍ အလုပ်သမားများက မလွှဲလိုသဖြင့် ယခုလို အေဂျင်စီများကို အတင်းအကျပ် ဖိအားပေးနေခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူတဦးက ပြောသည်။
၎င်းက “နိုင်ငံခြားမှာ အနှိမ်ခံ အပင်ပန်းခံပြီး လုပ်နေတဲ့လူတွေဆီကနေ ပိုက်ဆံအလကားလိုချင်နေကြတာ။ အခွန်လည်း ဆောင်ရသေး၊ ငွေလွှဲတာကနေလည်း ခေါင်းပုံဖြတ်သေးတယ်။ စစ်တပ်နဲ့ ဆက်နွယ်သူတွေပဲ စီးပွားဖြစ်ပြီး ပြည်သူတွေက အကုန်ခံရတာ”ဟု ပြောသည်။
ယခုလို ပြည်ပရောက် မြန်မာများအပေါ် ဝင်ငွေခွန်ကောက်ခြင်းကို ယခင်စစ်အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့ဖူးပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပယ်ဖျက်ပေးရာမှ ယခု ၁၀ စုနှစ်တခု ကျော်ကြာပြီးနောက် အာဏာသိမ်း စစ်အုပ်စု ၂၀၂၃ ခုနှစ်တွင် ထပ်မံ ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း ပြည်ပရောက် မြန်မာအလုပ်သမားများက မိခင်နိုင်ငံသို့ ပြန်လည်လွှဲပို့ခဲ့သည့် ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံခန့်ရှိခဲ့ပြီး နိုင်ငံခြားငွေစီးဝင်မှုစုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းခန့်အထိ ရှိကြောင်း Bloomberg သတင်းတွင် ဖော်ပြထားသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/02/415968.html

ဧရာဝတီ
MoU လုပ်သားများ လစာပြန်လွှဲဖို့ အေဂျင်စီတို့အား ဖိအားနေပြန်
ပြီးခဲ့သည့် သြဂုတ် ၂၉ ရက် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA)နှင့် ပြည်ပအလုပ်အကိုင် အေဂျင်စီ ၁၀ ခုထက်မနည်းကို ခေါ်ယူကာ MoU အလုပ်သမားများ မိသားစုထံ လွှဲငွေ ၂၅ ရာခိုင်နှုန်း ပြည့်ပြည့်၀၀ ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
18
6
2