စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်မှာ… — The Irrawaddy - Burmese — TG.ME

စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းဖို့ Fortify Rights တောင်းဆို

ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆

ထားဝယ်အထူးစီးပွားရေးဇုန်အနီးတွင် မြန်မာစစ်အုပ်စုက စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့်အတွက် အဆိုပါ စီမံကိန်းနှင့် အခြား “ဖွံ့ဖြိုးရေး”စီမံကိန်းများ၌ ပါဝင်နေသည့် အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ချက်ချင်းရုပ်သိမ်းရန် လူ့အခွင့်အရေး အဖွဲ့တခုဖြစ်သော Fortify Rights က ထုတ်ပြန်ထားသည်။

ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် အာဏာသိမ်းအစိုးရဦးဆောင်သည့် အခြားဖွံ့ဖြိုးရေး စီမံကိန်းများ၌ ပါဝင်ရန် စီစဉ်နေသော အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် ပြန်လည်သုံးသပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ တွင် ပါဝင်ပတ်သက်မှု မရှိစေရန် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အာဏာသိမ်းအစိုးရက အကြီးစားစစ်ဆင်ရေးလုပ်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီပေးနေသူ ၃ ဦးအပါအဝင် အနည်းဆုံး အရပ်သား ၅ ဦး ကို သတ်ဖြတ်ခံခဲ့ရကြောင်း Fortify Rights အဖွဲ့က ဖော်ပြထားသည်။

ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ဇွန်လ ၂၄ ရက်တွင် တနင်္သာရီတိုင်းသို့ သွားရောက်ကာ ထားဝယ်ရေနက်ဆိပ်ကမ်းအပါအဝင် မဟာဗျူဟာ စီးပွားရေးစီမံကိန်းများကို လုံခြုံရေးယူရန်နှင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတလျောက် တော်လှန်ရေးတပ်ဖွဲ့များအား ချေမှုန်းရန် ညွှန်ကြားခဲ့ပြီးနောက် ၂ပတ်ခန့်အကြာ အကြီးစားစစ်ဆင်ရေး စတင်ကာ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံ ထောင်နှင့်ချီ နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။

Fortify Rights အဖွဲ့၏ စုံစမ်းချက်အရ ဇူလိုင်လ ၉ ရက်တွင် ရေဖြူမြို့နယ် ခမောင်းချောင်း ကျေးရွာအနီး အာဏာပိုင်တချို့က ခရီးသည်တင်ယာဉ် ၆ စီးကို တားဆီးပြီး ယာဉ်မောင်းများနှင့် ခရီးသည်များအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် The Ants လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့ဝင် အသက် ၂၄ နှစ်အရွယ် အသာ၊ လီယွန်နှင့် အသက် ၁၉ နှစ်အရွယ် မြတ်သူတို့ ပါဝင်ပြီး ၎င်းတို့ ၃ ဦး၏ ရုပ်အလောင်းများကို ဇူလိုင်လ ၂၀ ရက်တွင် ဧကနိနှင့် ဝဇွန်းတောကျေးရွာကြားက ဆီအုန်းခြံတခုတွင် ပြန်တွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။

စစ်ကြောင်းများ ဆက်လက်လှုပ်ရှားနေခြင်းကြောင့် ဒေသခံများ နေရပ်မပြန်နိုင်သေးသလို ပျောက်ဆုံးနေသူများကိုလည်း ရှာဖွေနိုင်ခြင်းမရှိသေးခြင်းကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ယခုထက် ပိုများနိုင်ကြောင်း Fortify Rights က ပြောသည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းထားသည့် လူသားချင်းစာနာမှု အကူအညီပေးသူများကို တမင်သတ်ဖြတ်ခြင်း၊ အရပ်သားများ နှင့် အရပ်သားပိုင်နေရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းများမှာ စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်းလည်း ထောက်ပြထားသည်။

လက်ရှိ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင်ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောနှင့် ရုရှား ဒုတိယဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ်တို့သည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး၊ စွမ်းအင်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍ တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရေးတို့ ဆွေးနွေးခဲ့ကြောင်း အာဏာသိမ်းအစိုးရက ထုတ်ပြန်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤26👍8😁4👎1
September 2, 2026 2.4K 2