ဧရာဝတီဒုတိယမြစ်ကျဉ်းမှာ တိုက်ရေယာဉ် ၁ စီးအပါ ၅ စီး KIA တို့ ဖျက်ဆီး
ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆
ရွှေကူမှ ဗန်းမော်သို့ ယနေ့နံနက်ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်း တပ်များက ဧရာဝတီမြစ်ကျဉ်းထဲအရောက် တိုက်ခိုက်ခဲ့ရာ တိုက်သင်္ဘောတစီးအပါအဝင် သင်္ဘော ၅ စီး နစ်မြုပ် ပျက်စီးခဲ့ ကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
ဧရာဝတီ ဒုတိယမြစ်ကျဉ်း ဇင်းဘုံရွာအနီး KIA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ရေယာဉ်အုပ်အား ရှေ့ပြေးလုံခြုံရေး ထွက်လာသည့် တိုက်သင်္ဘော ၁ စီးအပါအဝင် သင်္ဘောသုံးစီး နစ်မြုပ်ခဲ့ပြီး စင်းခန်းတံတားမရောက်မီ တွဲသင်္ဘောတစီး မီးလောင်ခဲ့ကာ အခြားသင်္ဘောတစီးမှာလည်း သောင်တင်တိမ်းမှောက်ခဲ့ကြောင်းလည်း ၎င်းကပြောသည်။
၎င်းက “ဇင်းဘုံတကြောမြစ်ကျဉ်းထဲမှာ သုံးစီးမြုပ်သွားပြီ။ တိုက်သင်္ဘောတစီးမြုပ်တာတော့ သေချာတယ်၊ စင်းခန်းတံတား မရောက်ခင်နားမှာ သံခွန်သင်္ဘောအကြီးတစီး မီးလောင်ပြီး ကမ်းကပ်တဲ့အချိန်မှာ ကျနော်တို့ဆီက ခြေလျင်တပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ တံတားအထက်နားမှာလည်း တစီးမှောက်တာ၊ သောင်တင်တာရှိတယ်။ ကျနော်တို့အပြီးအစီး တိုက်ခိုက် ဖျက်ဆီးနိုင်လိုက်တာ ၅ စီးရှိပြီ” ဟု ဧရာဝတီကို ပြောသည်။
စင်းခန်းတံတားအနီး မီးလောင်ကာ ကမ်းကပ်ခဲ့သော သံခွန်သင်္ဘောအကြီးပေါ် စစ်တပ်အဖွဲ့ဝင်များနှင့် KIA ပူးပေါင်းတပ်များ ကြား တိုက်ပွဲအတွင်း စစ်သားများ သေဆုံးမှုများပြားသည့်အပြင် လက်နက်ချသူများ၊ အရှင်ဖမ်းမိသူများလည်း ရှိနေ ကြောင်းလည်း သိရသည်။
ထို့ပြင် စင်းခန်းတံတားအထက်နား နတ်ခုတ်နှင့် ဘူးတောင်းရွာကြား မြစ်အတွင်း၌လည်း သင်္ဘောအချို့ သောင်တင်မှုများ ရှိနေပြီး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများရှိနေကြောင်း သိရသည်။
ဇင်းဘုံရွာအနီး မြစ်ကျဉ်းတွင် စစ်အုပ်စုသင်္ဘော တစီးနစ်မြုပ်ကာ၊ တစီး မီးလောင်ပျက်စီးခဲ့သည်ကို သတင်းရရှိထားပြီး တိုက်ပွဲအခြေအနေ အသေးစိတ်မသိရသေးကြောင်းနှင့် စစ်တပ်ဘက်က လေယာဉ်များဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက် နေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ယနေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က တိုက်လေယာဉ် ၈ စီး၊ Y-12 နှစ်စီးနှင့် ကင်းထောက်လေယာဉ်များအသုံးပြုကာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေကြောင်းလည်း မြေပြင်စစ်ရေးသတင်းအမြစ်က ဆိုသည်။
ရွှေကူနှင့်ဗန်းမော်မြို့တို့အား စစ်ကူ၊ ရိက္ခာများဖြည့်တင်းရန် စစ်တပ်သင်္ဘောအုပ်စုမှာ မန္တလေးမြို့မှ ဩဂုတ် ၂၁ ရက်က စတင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့ပြီး ဩဂုတ် ၂၈ ရက်တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့သည်။
ရွှေကူမြို့ရောက်ရှိလာသည့် စစ်တပ်သင်္ဘောများထဲမှ တွန်းသင်္ဘောတစီးမှာ သောင်တင်ကျန်ရစ်ခဲ့ပြီးနောက် KIA ပူးပေါင်း တပ်များက ဖောက်ခွဲဖျက်ဆီးခဲ့သေးသည်။
စစ်တပ်သင်္ဘောအုပ်စုအနေဖြင့် ရွှေကူတွင် စစ်ကူ၊ ရိက္ခာအချို့ ချထားခဲ့ပြီးနောက် ယနေ့တွင် ဗန်းမော်မြို့သို့ ဆက်လက် ချီတက်နေပြီး တိုက်ပွဲများလည်း ပြင်းထန်လျက်ရှိနေသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/02/415960.html
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဧရာဝတီ
ဧရာဝတီဒုတိယမြစ်ကျဉ်းမှာ တိုက်ရေယာဉ် ၁ စီးအပါ ၅ စီး KIA တို့ ဖျက်ဆီး
ယနေ့နံနက်ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်း တပ်များက ဧရာဝတီမြစ်ကျဉ်းထဲအရောက် တိုက်ခိုက်ခဲ့ရာ တိုက်သင်္ဘောတစီးအပါအဝင် သင်္ဘော ၅ စီး နစ်မြုပ် ပျက်စီးခဲ့ကြောင်း
30
13
2
1September 2, 2026 2.3K 2