ပဋိပက္ခဒဏ်ခံ ပြည်သူတို့ လူမှုဘဝ ရိက္ခာဖူလုံရေး တိုး၍ပံ့ပိုးမည်ဟု… — The Irrawaddy - Burmese — TG.ME

ပဋိပက္ခဒဏ်ခံ ပြည်သူတို့ လူမှုဘဝ ရိက္ခာဖူလုံရေး တိုး၍ပံ့ပိုးမည်ဟု ကမ္ဘာ့ဘဏ် ဌာနကိုယ်စားလှယ် ပြော

ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆

မြန်မာနိုင်ငံ၌ ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့် ထိခိုက်နေသော ပြည်သူများ ၏ လူနေမှုဘဝနှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများမှတဆင့် ပံ့ပိုးမှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ထိုင်းနှင့် မြန်မာနိုင်ငံအတွက် ဌာနေညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံရသော Mr. Stephen N. Ndegwa က ပြောသည်။

စက်တင်ဘာ ၁ ရက်မှစ၍ Mr. Stephen N. Ndegwa သည် ဘန်ကောက်၌ အခြေစိုက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။

Ndegwa သည် ၂၀၃၇ ခုနှစ်တွင် ထိုင်းနိုင်ငံအနေဖြင့် ဝင်ငွေမြင့်မားသောနိုင်ငံ (High-income status) ဖြစ်လာစေရန် ရည်မှန်းချက်ကို ပံ့ပိုးပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဟု The Nation သတင်းက ဆိုသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပဋိပက္ခများကြောင့် ထိခိုက်နစ်နာနေရသည့် ပြည်သူများအတွက် လူသားအရင်းအမြစ် ထိန်းသိမ်းခြင်း၊ လူမှုအသိုင်းအဝိုင်းများ၏ ခံနိုင်ရည်အား မြှင့်တင်ခြင်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ကာကွယ်ပေးခြင်းတို့တွင် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာပြည်သူများအတွက် "စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ကူညီခြင်း" (Monitor, Assess and Assist) ချဉ်းကပ်နည်းဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၂၆-၂၀၃၀ ကာလအတွင်း ချမှတ်ထားသည့် ပဋိပက္ခဒဏ်ခံရသော နိုင်ငံများဆိုင်ရာ ကမ္ဘာ့ဘဏ်၏ မဟာဗျူဟာနှင့်အညီ အကူအညီများ တိုးမြှင့်ပေးမည်ဟုလည်း ဆိုသည်။

Ndegwa က “မြန်မာနိုင်ငံရှိ ပြည်သူများမှာလည်း ကြီးမားသော စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။ ကျနော့်အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူ ပူးပေါင်းပြီး အခွင့်အလမ်းတွေ ဖန်တီးပေးတာ၊ ခံနိုင်ရည်အား မြှင့်တင်တာတွေနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အကောင်အထည်ဖော်နိုင်ဖို့ စိတ်အားထက်သန်ပါတယ်" ဟု ပြောသည်။

Stephen N. Ndegwa သည် အဆိုပါ ရာထူးမတိုင်မီက ပစိဖိတ်ကျွန်းစုများဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ဌာနေညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ပရောဂျက်ပေါင်း ၈၀ ကျော်ကို ကြီးကြပ်ခဲ့သူဖြစ်သည်။

၎င်းသည် အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံနှင့် ပြည်သူ့မူဝါဒဆိုင်ရာ ပါရဂူဘွဲ့ (PhD) ရရှိထားသူ ဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် ကမ္ဘာ့ဘဏ်သို့ Young Professional အဖြစ် စတင်ဝင်ရောက်ခဲ့ကာ အာဖရိက၊ အရှေ့အာရှ၊ ပစိဖိတ်၊ ဥရောပနှင့် ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှ ဒေသများတွင် ခေါင်းဆောင်မှု အတွေ့အကြုံများရရှိခဲ့သူ ဖြစ်သည်။
👍33❤5👎1
September 2, 2026 2.7K 4