တရုတ်နှင့် ရုရှား လုပ်ကိုင်သော ဗင်နီဇွဲလား ရေနံမြေများကို အမေရိကန် လွှဲပြောင်းရယူရန် ပြင်ဆင်
ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆
အမေရိကန် ကျောထောက်နောက်ခံပြု ရေနံကုမ္ပဏီတခုဖြစ်သည့် North American Blue Energy Partners (NABEP) သည် တရုတ်ကုမ္ပဏီ ၅ ခုနှင့် ရုရှားကုမ္ပဏီတို့ ယခင်က ထိန်းချုပ်ထားခဲ့သော ဗင်နီဇွဲလား ရေနံမြေများကို လွှဲပြောင်းရယူတော့မည်ဖြစ်သည်။
အဆိုပါ လွှဲပြောင်းမှုများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဗင်နီဇွဲလားတို့အကြား ထုတ်ပြန်ကြေညာခဲ့သော ပိုမိုကျယ်ပြန့်သည့် ရေနံထုတ်လုပ်ရေး သဘောတူညီချက်၏ အစိတ်အပိုင်းတခု ဖြစ်သည်။
ဗင်နီဇွဲလား အစိုးရက စာချုပ်သစ် ၁၄ ခုကို NABEP သို့ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထိုကုမ္ပဏီသည် စီမံကိန်း စုစုပေါင်း ၁၇ ခုကို ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ရပြီး အဆိုပါ စီမံကိန်းများကို တိုးချဲ့ကာ အမေရိကန်ပြည်ထောင်စုသို့ ရေနံစိမ်း တင်ပို့ရန် စီစဉ်ထားသည်။
NABEP ကို ယခင်က အမေရိကန် ရေနံသူဌေးကြီး ဟယ်ရီ ဆားဂျန့် (Harry Sargeant) က ပိုင်ဆိုင်ခဲ့ပြီး ယခုအခါ ဗင်နီဇွဲလား စီးပွားရေးလုပ်ငန်းရှင် အလက်ဇန္ဒား ဘီတန်ကော့တ် (Alejandro Betancourt) က ထိန်းချုပ်ထားသည်။
ဤအစီအစဉ်သည် ဗျူဟာမြောက် အရေးပါသော ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းတွင် တရုတ်နှင့် ရုရှား လုပ်ကိုင်သူများ၏ အခန်းကဏ္ဍကို လျှော့ချပြီး အမေရိကန်ကုမ္ပဏီများအတွက် ပိုမိုကြီးမားသော နေရာတစ်ခု ရရှိစေမည်ဖြစ်သည်။
သီးသန့် စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမှတဆင့် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလား၏ အတည်ပြုထားသော ရေနံလက်ကျန် စည်ပေါင်း ၆၄ ဘီလီယံခန့်ကို ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သမ္မတ ထရမ့်က ပြီးခဲ့သည့်သီတင်းပတ်၌ ကြေညာခဲ့သည်။
NABEP သည် ၎င်းတို့၏ ထုတ်လုပ်မှုကို အမေရိကန်ပြည်ထောင်စုသို့ ဦးတည် တင်ပို့ရန် စီစဉ်ထားသည်။
အမေရိကန်သည် ရေနံစည်ပေါင်း သန်းပေါင်းများစွာကို ထုတ်ယူနေပြီး တက္ကဆပ်၊ လွီစီယားနားနှင့် အခြားနေရာများရှိ ရေနံချက်စက်ရုံများသို့ တင်ပို့လျက်ရှိကြောင်း သမ္မတ ထရမ့်က သြဂုတ် ၃၁ တွင် ပြောကြားခဲ့သည်။
သမ္မတသည် အင်္ဂါနေ့တွင် ရေနံနှင့် ဓာတ်ငွေ့ လက်လီရောင်းချသူများ၊ ချက်လုပ်ရေးကုမ္ပဏီများနှင့် တွေ့ဆုံရန် အစီအစဉ်ရှိသည်။
အဆိုပါ သဘောတူညီချက်သည် ဗင်နီဇွဲလား ရေနံကို မည်သည့်ကုမ္ပဏီများ ထုတ်လုပ်မည်၊ ထိုရေနံစိမ်းများကို မည်သည့်နေရာတွင် ရောင်းချမည်ဆိုသည်ကို ဆုံးဖြတ်ရာ၌ ဝါရှင်တန်အား တိုက်ရိုက် ပါဝင်ခွင့် ရရှိစေသည်။
ဗင်နီဇွဲလား အာဏာပိုင်များသည် အကူးအပြောင်းနှင့် ပတ်သက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် ဥပဒေကြောင်းအရ မေးခွန်းများကို ဖြေရှင်းရန်အတွက် နိုင်ငံ၏ ၂၀၁၅ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထရမ့် အုပ်ချုပ်ရေးအဖွဲ့သည် အဆိုပါ လွှတ်တော်ကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ဆုံး ရွေးကောက်တင်မြှောက်ထားပြီး ဆောင်ရွက်နေသည့် ဗင်နီဇွဲလား ဥပဒေပြုလွှတ်တော်အဖြစ် သတ်မှတ်ထားသည်။ သို့သော်လည်း လက်ရှိတွင် ယင်းလွှတ်တော်၌ တရားဝင် အုပ်ချုပ်ရေးအာဏာ မရှိပေ။
အဆိုပါ လွှတ်တော်နှင့် သဘောတူညီချက်ရရှိခြင်းသည် ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းကို ပြန်လည်အသက်သွင်းခြင်းနှင့် ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များ အပါအဝင် ပိုမိုကျယ်ပြန့်သော အကူးအပြောင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် ဥပဒေကြောင်းအရ အခြေခံတစ်ခု ရရှိစေနိုင်ကြောင်း တာဝန်ရှိသူတဦးက ပြောကြားခဲ့သည်။
ကိုးကား။ ။ The Nation သတင်း US-backed NABEP set to take over Venezuelan oilfields previously run by Chinese and Russian firms
ဓာတ်ပုံ - ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ဖလော်ရီဒါပြည်နယ်၊ ဒိုရယ် မြို့တွင် ဖြုတ်ချခံလိုက်ရသော ဗင်နီဇွဲလား သမ္မတ နီကိုးလတ်စ် မာဒူရိုကို ဆန့်ကျင်သူများ ဆန္ဒပြစဉ်/AFP
22
9September 2, 2026 1.9K 7