ရေမွန်မက်ဆေးဆေးဆုရ ဒေါက်တာ တွမ်မီခို ဘယ်သူလဲ ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆… — The Irrawaddy - Burmese — TG.ME

ရေမွန်မက်ဆေးဆေးဆုရ ဒေါက်တာ တွမ်မီခို ဘယ်သူလဲ

ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆

“ကမ္ဘာကြီးက မှတ်ဉာဏ်တိုတောင်းလှတယ်။ မြန်မာမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့အစိုးရကို စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခဲ့တယ်ဆိုတာကို မေ့သွားကြပြီ။ စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်ကို ထောင်သွင်းအကျဉ်းချထားတယ်။ ဒီနေ့ဟာ အောင်ဆန်းစုကြည် (ASSK) ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ဆိုတာကို ကျနော် မမေ့သေးပါဘူး။ ဒီကာလမှာပဲ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ရုရှားတို့က အာဏာသိမ်းတဲ့ မင်းအောင်လှိုင်ကို တရားဝင်သမ္မတလို့ အသိအမှတ်ပြုခဲ့ကြပါတယ်” ဟု သူ၏လူမှုကွန်ရက် ဖေ့စ်ဘွခ်၌ ရေးသားခဲ့သည့် ပါမောက္ခ တွမ်မီခိုက အာရှ၏ နိုဘယ်ဆု ဟုတင်စားကြသော ရေမွန်မက်ဆေးဆေးဆုကို ရရှိခဲ့သည်။

အသက် ၈၈ နှစ် ရှိပြီဖြစ်သည့် စင်ကာပူနိုင်ငံသား သံတမန်ဟောင်း၊ ဥပဒေပညာရှင် ဒေါက်တာ တွမ်မီခိုသည်၂၀၂၆ ခုနှစ် ရေမွန်မက်ဆေးဆေးဆုရရှိသူ သုံးဦးအနက် တဦးဖြစ်ပြီး မြန်မာနိုင်ငံသား ဦးဘိုကြည်လည်း ဆုရသူများထဲ ပါဝင်ခဲ့သည်။

ပါမောက္ခ တွမ်မီခိုအား နိုင်ငံများအကြား ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးနည်းလမ်းများကို ဆယ်စုနှစ်များစွာ မြှင့်တင်ပေးခဲ့သည့် အပြည်ပြည်ဆိုင်ရာ သံတမန်ရေးရာကဏ္ဍတွင် ထူးချွန်ထက်မြက်သော ခေါင်းဆောင်တဦးအဖြစ် RMAF ဆုရွေးချယ်ရေးအဖွဲ့က ချီးကျူး ဂုဏ်ပြုခဲ့သည်။

“ကမ္ဘာ့သမုဒ္ဒရာများကို တရားမျှတပြီး ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး မူဘောင်ကို စနစ်တကျ ထူထောင်ပေးခဲ့သည့် ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) ဖြစ်မြောက်လာစေရေး ညှိနှိုင်းဆွေးနွေးမှုများတွင် သူသည် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်” ဟုလည်း ဆိုထားသည်။

ထို့ပြင် ပါမောက္ခ တွမ်မီခို၏ သံတမန်ရေးရာသာမက စင်ကာပူနှင့် နိုင်ငံတကာ၏ ပညာရေး၊ ပြည်သူ့မူဝါဒ၊ အနုပညာနှင့် လူမှုရေးအဖွဲ့အစည်းများ၌ ပါဝင်ဆောင်ရွက်ခဲ့မှုများသည် မျိုးဆက်သစ် ခေါင်းဆောင်များစွာကို ပုံဖော်ပေးနိုင်ခဲ့ကြောင်း RMAF မှ ရည်ညွှန်းဖော်ပြခဲ့သည်။

“ဆွေးနွေးညှိနှိုင်းခြင်း၊ ဥပဒေစိုးမိုးခြင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းတို့အပေါ် သဲသဲမဲမဲ ယုံကြည်မှုမှတဆင့် အင်အားမမျှတသော ကမ္ဘာကြီးအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးကို ကူညီဆောင်ရွက်ပေးခဲ့သည်” ဟုလည်း ပြောကြားခဲ့သည်။

ဤလုပ်ဆောင်ချက်များအားလုံးမှတဆင့် မှန်ကန်ကြောင်းနှင့် တရားမျှတကြောင်းတို့အတွက် ထုတ်ဖော်ပြောဆိုရန် သတ္တိကိုလည်း သူက ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

ပါမောက္ခ တွမ်မီခိုသည် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၅၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ စင်ကာပူအမြဲတမ်းကိုယ်စားလှယ်နှင့် အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး စသည့် ရာထူးများကို တာဝန်ယူခဲ့သည်။ ဝန်ကြီးဌာနမှ အငြိမ်းစားမယူမီအထိ MFA ၏ အထူးသံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

ပါမောက္ခ တွမ်မီခိုသည် ၁၉၅၇ ခုနှစ်တွင် ဖိလစ်ပိုင်သမ္မတ ရေမွန်မက်ဆေးဆေးကို ဂုဏ်ပြုသော ဤဆုကို ရရှိသည့် ၄ ဦးမြောက် စင်ကာပူနိုင်ငံသား ဖြစ်သည်။
❤27👍4
September 2, 2026 1.9K 1