တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ် ကျော်လွန်၊ အရေးပေါ် ရွှေ့ပြောင်းရ
ဧရာဝတီ၊ ဩဂုတ် ၃၀၊ ၂၀၂၆
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် တနင်္သာရီမြစ်ရေသည် နာရီပိုင်းအတွင်း အန္တရာယ်ရေမှတ်ကို ကျော်လွန်မြင့်တက်နေပြီး မြို့တွင်းရှိ နေအိမ်များလည်း ရေဝင်ရောက်နစ်မြုပ်နေသဖြင့် အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း ဒေသခံများထံက သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေမှာ သြဂုတ် ၂၈ ရက်တွင် စိုးရိမ်ရေမှတ် ၁၇ ပေထက် များစွာ ကျော်လွန်ခဲ့ပြီး၊ သြဂုတ် ၃၀ ရက်တွင် အန္တရာယ်ရေမှတ်အဖြစ် သတ်မှတ်ထားသည့် ၂၄ ပေကိုပါ ကျော်လွန်ကာ ၂၄ ပေ ၁၀ လက်မအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံတဦးက "မနေ့ကအထိ အန္တရာယ်ရေမှတ်ကို မရောက်သေးဘူး။ အခု မနက်အစောပိုင်းကနေ တစစနဲ့ တက်လာတာ အန္တရာယ်ရေမှတ်ကို အတော်ကျော်သွားတယ်" ဟု ပြောဆိုသည်။
အဆိုပါ မြစ်ရေကြီးမှုကြောင့် မြို့ပေါ် ရပ်ကွက်အများစု ရေဝင်ရောက်ခဲ့ပြီး၊ အနိမ့်ပိုင်းနှင့် ကမ်းနားပိုင်းရှိ နေအိမ်များမှာ ခေါင်မိုးကျော်သည်အထိ နစ်မြုပ်နေသလို အိမ်တဝက် နစ်မြုပ်နေသည့် အိမ်များစွာလည်း ရှိကြောင်း ဒေသခံများထံက သိရသည်။
တနင်္သာရီမြစ်ရေ မြင့်တက်လာမှုကြောင့် တနင်္သာရီမြို့ပေါ်နှင့် ကျေးရွာများတွင် ကယ်ဆယ်ရေးစခန်း ၅ ခုထက်မနည်း ဖွင့်လှစ်ထားပြီး၊ လူပေါင်း ၈၀၀ နှင့် ၁,၀၀၀ ကြားအား အရေးပေါ် ပြောင်းရွှေ့နေရာချထားကြောင်း ကူညီရေး ဆောင်ရွက်နေသူများက ပြောသည်။
ထို့ပြင် လက်ရှိတွင် မြို့နယ်ချင်းဆက် လမ်းများ ရေနစ်မြုပ်သဖြင့် လမ်းအချို့ သွားလာ၍ မရတော့သည်အထိ အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။
ဓာတ်ပုံ-Nay Lin Htet
#WhatsHappeningInMyanmar
#RejectMilitaryCoup
31
10
5
4
1August 30, 2026 5.3K 4