ထိုင်းမှာ တကျော့ပြန် ကိုဗစ်ကူးစက်ခံရသူ တသိန်းခန့် ရှိလာ ဧရာဝတီ၊ ဩဂုတ်… — The Irrawaddy - Burmese — TG.ME

ထိုင်းမှာ တကျော့ပြန် ကိုဗစ်ကူးစက်ခံရသူ တသိန်းခန့် ရှိလာ

ဧရာဝတီ၊ ဩဂုတ် ၂၉၊ ၂၀၂၆

ထိုင်းနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လ ၂၈ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၅,၃၅၇ ဦးနှင့် သေဆုံးသူ ၁၄ ဦးရှိကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကူးစက်ရောဂါဗေဒဌာနခွဲ၏ ဒစ်ဂျစ်တယ် ရောဂါစောင့်ကြည့်ရေးစနစ်အရ လူဦးရေ ၁၀ သိန်းလျှင် ၁၄၄ ဒသမ ၇၆ ဦးနှုန်း ကူးစက်ခံနေရပြီး သေဆုံးမှုနှုန်းမှာ လူဦးရေ ၁၀ သိန်းလျှင် ၀ ဒသမ ၀၂ ဦးရှိကာ ကူးစက်ခံရသူများအနက် သေဆုံးမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်း ရှိကြောင်း The Nation သတင်း၌ ဖော်ပြသည်။

ပြီးခဲ့သည့်လအတွင်း တုပ်ကွေးရောဂါနှင့် RSV အပါအဝင် အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်မှု မြင့်တက်လာခြင်းနှင့်အတူ ကိုဗစ်-၁၉ ကူးစက်မှုများလည်း ထပ်မံ မြင့်တက်လာခဲ့ပြီး လက်ရှိတွင် NB.1.8.1 သည် အဓိက ကူးစက်ဖြန့်ဝေနေသည့် မျိုးဗီဇပြောင်း ဗိုင်းရပ်စ်အဖြစ်ရှိနေကြောင်း သတင်းက ဆိုသည်။

ထို့ပြင် ဇူလိုင်လဆန်းပိုင်း နမူနာများကို စစ်ဆေးရာတွင်လည်း NB.1.8.1 မျိုးစိတ်သည် ၅၆ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် အများဆုံး ကူးစက်မှု ရှိနေပြီး ရာသီဥတု အပြောင်းအလဲနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားချိန်တွင် စာသင်ကျောင်းများ၊ လုပ်ငန်းခွင်များနှင့် လူထုအသိုင်းအဝိုင်းများအတွင်း အုပ်စုလိုက် ကူးစက်မှုများ ပိုမို မြင့်တက်လာနိုင်ကြောင်း ကျန်းမာရေး အာဏာပိုင်များက သတိပေးထားသည်။

ရောဂါဖြစ်ပွားလာပါက အနားယူရန်နှင့် အနီးကပ် ထိတွေ့မှုများ လျှော့ချရန်၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် နွမ်းနယ်ခြင်းများ ကြုံတွေ့ရပါက မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်ဝန်းကျင်သို့ ရောဂါမပြန့်ပွားစေရန်အတွက် အနားယူရန်နှင့် သီးခြားခွဲနေရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လွန်လွန်ကဲကဲ မူးဝေခြင်းနှင့် အစားအသောက် မစားနိုင်ခြင်းစသည့် ပြင်းထန်သော လက္ခဏာများ ကြုံတွေ့ရပါက ဆေးရုံ/ဆေးခန်းများသို့ ချက်ချင်း သွားရောက်သင့်ကြောင်းနှင့် လူမှုကွန်ရက်ပေါ်ရှိ သတင်းအမှားများကို မယုံကြည်ကြဘဲ ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်များကိုသာ ကြည့်ရှုကြရန် DDC က နှိုးဆော်ထားသည်။

ဓာတ်ပုံ-ဘန်ကောက်ပို့စ်
😱35❤7🤔5😁2👎1
August 29, 2026 4.3K 17