ထိုင်းနှင့် KNU ပေါင်းပြီး တရားမဝင်သစ်များ ဖမ်းဆီး
ဧရာဝတီ၊ ၂၉၊ ၂၀၂၆
ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းဘေးတလျောက်၌ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းပြီး တရားမဝင် သစ်ခိုးထုတ်မှုများကို နှိမ်နင်းခဲ့ရာ ဩဂုတ်လအတွင်း သစ်လုံးရေ ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။
ကရင်ပြည်နယ် မူတြော် (ဖာပွန်)ခရိုင်ရှိ မဲရာထာစစ်ဆေးရေးဂိတ်၌ ဩဂုတ်လ ၂၃ ရက်က တရားမဝင် သစ်လုံး ၄၅ လုံးနှင့် ဩဂုတ်လ ၂၆ ရက်တွင် ထိုင်းဘက်ခြမ်း၌ တရားမဝင် သစ်လုံး ၄၉ လုံး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ပထမတကြိမ် မြန်မာဘက်ခြမ်း၌ ဖမ်းဆီးရမိသော တရားမဝင် သစ်လုံးများကို မူတြော်ခရိုင် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ဒုတိယအကြိမ် ဖမ်းဆီးရမိသော သစ်လုံးများမှာ ထိုင်းဘက်ခြမ်းတွင် ဖြစ်သောကြောင့် ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း ဆိုသည်။
ယခုကဲ့သို့ ထိုင်းနိုင်ငံအာဏာပိုင်များနှင့် ပူးပေါင်း၍ တရားမဝင်သစ်များ စစ်ဆေးဖမ်းဆီးခြင်းသည် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ဝှမ်းတလျောက် သဘာဝသယံဇာတဆိုင်ရာ ပြစ်မှုများကို တားဆီးရာ၌ KNU ၏ နယ်စပ်အုပ်ချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှု အတိုင်းအတာ ပိုမိုကျယ်ပြန့်လာသည်ကို ပြသခြင်းဖြစ်သလို နယ်စပ်တလျောက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများလည်း စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်နေသည်ကို ပြသခြင်းဖြစ်ကြောင်း KNU က ပြောသည်။
KNU သည် နယ်စပ်ကုန်သွယ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးမူဝါဒကို အတည်ပြုကာ မူတြော်ခရိုင်တွင် နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်ရေးရုံး ထူထောင်ထားပြီး တရားမဝင်သစ်ခုတ်မှုနှင့် ခွင့်ပြုချက်မရှိ ကုန်သွယ်မှုများ တားဆီးရန် ဆောင်ရွက်နေကာ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဟု ဆိုထားသည်။
ဓာတ်ပုံ-KNU
#WhatsHappeningInMyanmar
#RejectMilitaryCoup
38
17August 29, 2026 3.8K 2