မလှိုင် ပြည်သူ့စစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၁၁ ဦး ပစ်သတ်ခံရ ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

မလှိုင် ပြည်သူ့စစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၁၁ ဦး ပစ်သတ်ခံရ
ဧရာဝတီ၊ စက်တင်ဘာ ၁၊ ၂၀၂၆
မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လုံခြုံရေး၊ အကြမ်းဖက် နှိမ်နင်း ရေးအဖွဲ့ (ပလကဖ) ခေါင်းဆောင် ဦးစိုးလင်းထိုက်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအပါအဝင် ၁၂ ဦးကို လက်နက်ကိုင် အဖွဲ့တခုက ယမန်နေ့ နံနက်အစောပိုင်းတွင် ကျေးရွာအတွင်းဝင်ရောက် ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
သတ်ဖြတ်ခံရသူများထဲ အမျိုးသမီး ၂ ဦး ပါဝင်ပြီး ဦးစိုးလင်းထိုက်(၄၄ နှစ်)သည် ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သလို စစ်တပ်က ဖွဲ့စည်းထားသည့် ပလကဖ ခေါင်းဆောင်လည်းဖြစ်ကာ ကျန်သူများမှာ အဖွဲ့ဝင်များဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အင်အား ၄၀ ခန့်က ကား ၄ စီး၊ ဆိုင်ကယ် ၇ စီးဖြင့် လာရောက်၍ ရွာလယ်မှာပင် ပစ်သတ်သွားခြင်းဟု သိရသည်။
“ထမ္မကြီးရွာလယ်မှာပဲ ပစ်သတ်သွားကြတာ၊ အုပ်ကြီးရောဆို ၁၂ ယောက်၊ ရပ်ရွာကာကွယ်ရေးအတွက်ဆိုပြီး ပလကဖဖွဲ့ ထားတာ မကြာသေးဘူး၊ စစ်တပ်က သင်တန်းပေးထားတဲ့ ရွာပဲ၊ လက်နက်တော့ တပ်ဆင်ပေးထားတာမျိုး မရှိသေးဘူး၊ စစ်ကြောင်းထိုးချိန်ဆို ခေါ်သုံးတယ်၊ အဲဒီအချိန်တော့ သေနတ်ထုတ်ပေးတယ်၊ ပြီးရင် ပြန်သိမ်းတယ်”ဟု မလှိုင်ဒေသခံတဦး က ပြောသည်။
ထိုသို့ အသတ်ခံရပြီးနောက် စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားပြီး ယမန်နေ့ ညနေပိုင်းတွင် ထမ္မကြီးရွာ အနီးတဝိုက်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးနိုင်ခြေရှိသဖြင့် အနီးဝန်းကျင်ကျေးရွာ ဒေသခံများပါ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
ထမ္မကြီးကျေးရွာ၌ ဦးစိုးလင်းထိုက် ဦးဆောင်သော ပလကဖ အဖွဲ့ဝင် ၂၀ ဦးရှိပြီး အမျိုးသမီး ၃ ဦးပါဝင်ကာ တပတ်လျှင် ၇ ဦး မလှိုင်မြို့ပေါ်သို့ လုံခြုံရေးအတွက် သွားရောက်ပေးရသလို မြို့ပေါ်သို့ ရောက်ရှိချိန်မှသာ လက်နက်ပေး ကိုင်ကြောင်း၊ ဒေသတွင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားသလို မိတ္ထီလာခရိုင်အတွင်း လူငယ်များအား ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများတွင်လည်း ပါဝင်ကူညီပေးကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အပေါ် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်အပါ လူ ၁၂ ဦးကို PDF များ သတ်ဖြတ်ခဲ့ကြောင်း ဓါတ်ပုံများ ဖြန့်ဝေထားပြီး တော်လှန်ရေးအင်အားစုများဘက်မှ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို ထုတ်ပြန်လာခြင်း မရှိသေးပေ။
👍49❤21😱2
September 1, 2026 3.7K 6