လက်ရှိထွက်ရှိထားတဲ့ သတင်းအချက်အလက်တွေအရ ....ညောင်တုန်းကျွန်းတာရဲ့ တာမိုင် ၁၁/၆–၁၁/၇ ဝန်းကျင်မှာ ရေဝဲတိုးမှုကတစ်ဆင့် မြစ်ကမ်းပြို၊ ကမ်းစားပြီး တာကိုယ်ထည်ကို တိုက်စားခဲ့တာမျိုး မြင်ရတယ်။ တိုက်စားခံရတဲ့ အပိုင်းက အလျား ပေ ၃၀၀ ခန့်၊ အနံ ၄၅–၆၀ ပေခန့်အထိ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားတယ်။ ပေ ၃၀၀ ဆိုတော့လည်း ပေါက်သွားခဲ့ရင်....ငါးကန်တွေ၊ စပါးစိုက်ခင်းတွေ၊ ရေကြီးရေလျှံမှုတွေ စသဖြင့် ဆိုးကျိုးတွေ အများကြီး ပေါ်လာတော့မယ်။
လက်ရှိမှာတော့.....သဲအိတ်ချတာ တွေ၊ တာခြေထောက်မာ အောင် တိုင်ဆောက်တာတွေ၊ ယာယီပန်းတာတည်ဆောက်တာတွေ စသဖြင့် အရေးပေါ်လုပ်ငန်းတွေ လုပ်ဆောင်နေကြတယ်။ တကယ်တော့ ဒီလုပ်ငန်းတွေက အရေးပေါ် အရပဲ အဆင်ပြေကောင်း ပြေနိုင်လိမ့်မယ်။
အနာဂတ်မှာ မြစ်ကြောင်းတစ်လျှောက်က ကမ်းပြိုနေရာ
တွေ၊ ရေဝဲဖြစ်တဲ့ နေရာ၊ တာခြေအားနည်းတဲ့နေရာ၊ ယခင်က ပဲ့ကျဖူးတဲ့နေရာနဲ့ လူနေကျေးရွာနဲ့ နီးတဲ့နေရာတွေကို စနစ်တကျ မှတ်တမ်းတင် စစ်ဆေးဖို့ မဖြစ်မနေ လိုလိမ့်မယ်။ အထူးသဖြင့် စိုက်ပျိုးမြေနဲ့ ဆက်စပ်တဲ့ နေရာတွေနဲ့ လူနေအိမ်တွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ တာအမြင့်၊ တာအကျယ်၊ slope၊အက်ကြောင်းနဲ့ တာခြေ တွေရဲ့ ကြံ့ခိုင်မှုကို အမြဲတမ်း စစ်ဆေးနေဖို့ လိုလိမ့်မယ်။
သေချာတာကတော့ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ စိတ်ကြိုက်တူးနေတဲ့ ရွှေဖောင်တွေနဲ့ မြေရှားတွေကြောင့် နှစ်တိုင်း မြစ်ရေနဲ့ပတ်သက်ရင် သဘာဝဘေးက ဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်းများတယ်။ ချင်းတွင်းမြစ်ပေါ်က ရွှေဖောင်တွေကြောင့် မြစ်ကြမ်းပြင် ထူလာတာမျိုး၊ မြစ်ကြောင်း ပြောင်းလဲလာပြီး တာတမံနဲ့ တဖြည်းဖြည်း ရင်ဘောင်တန်းလာတာမျိုး၊ မြစ်ရေစီးကြောင်းက အရင်လိုမဟုတ်တော့....နည်းနည်းလေးမိုးများလိုက်တာနဲ့ ချက်ခြင်း ရေကြီး၊ ရေလျှံတာမျိုးက တမျိုးမဟုတ်၊ တမျိုး ဖြစ်လာဖို့ ရာခိုင်နှုန်းများနေတာ တွေ့ရလိမ့်မယ်။
မြန်မာနိုင်ငံ အထက်ပိုင်းကနေ ဧရာဝတီတိုင်းအထိ မြစ်ရေစီးကြောင်းတွေ မတိမ်ကောရလေအောင် ပြုပြင် ထိန်းကြောင်း နိုင်မှပဲ ရေရှည် အဆင်ပြေလိမ့်မယ်။ နောက်....ခုလို တာတမံတွေရဲ့ ကြံ့ခိုင်မှုကို အမြဲ မပြတ်စစ်ဆေးနေဖို့ လိုလိမ့်မယ်။ သဘာဝဘေး အတွက် ကယ်ဆယ်ရေး ဆိုတဲ့ နေရာမှာ သာမန် ပစ္စည်းတွေ မဟုတ်ဘဲ ခေတ်မီ အဆင့်မြင့်တဲ့ ပစ္စည်းတွေနဲ့၊ လူသားအရင်းအမြစ် ကျွမ်းကျင်မှုတွေအတွက်လည်း စနစ်တကျ ပြုစုပျိုးထောင်ကြဖို့ လိုလိမ့်မယ်။ ဒီလို စဉ်ဆက်မပြတ် လုပ်နေမှပဲ ....တလံ လောက် ဒုက္ခကြီးမယ့် ကိစ္စကို တထွာလောက်နဲ့ အချိန်မီ ဖြေရှင်းနိုင်လိမ့်မယ်။
(နရီမိုး)

281
235
6
1August 29, 2026 6.9K 4 16