မေတ္တာဘာဝနာပွားတာဟာ ကမ္မဋ္ဌာန်းကျင့်စဉ်တစ်ခုပဲ။ အဲဒီ… — နရီမိုး — TG.ME

မေတ္တာဘာဝနာပွားတာဟာ ကမ္မဋ္ဌာန်းကျင့်စဉ်တစ်ခုပဲ။
အဲဒီ သမထကျင့်စဉ်တစ်ခုကနေ ဝိပဿနာကျင့်စဉ်တစ်ခုကို သွားတော့မယ်ဆိုလို့ရှိရင် အာရုံပြောင်းရမယ်။

မေတ္တာဘာဝနာပွားတာက သတ္တဝါပေါ်မှာ ပွားတာ။ ပုဂ္ဂိုလ်ပေါ်မှာ ပွားတာ။ အဲဒီတော့ ဝိပဿနာကျတော့ ပုဂ္ဂိုလ်၊ သတ္တဝါနဲ့ အလုပ်လုပ်လို့ မရပြန်ဘူး။ ပုဂ္ဂိုလ်၊ သတ္တဝါရှိတယ်လို့ ယူဆလို့ရှိရင် မှားယွင်းတဲ့ အမြင်တစ်ခု ဖြစ်သွားတယ်ပေါ့။ အတ္တဒိဋ္ဌိ လို့ ခေါ်တယ်။

မေတ္တာဘာဝနာပွားတဲ့အခါ သတ္တဝါပညတ် ကို အာရုံပြုရတာဖြစ်လို့ သတ္တဝါရှိတယ်ဆိုတဲ့ အတွေးဝင်လာတတ်တယ်တဲ့။ အဲဒါကြောင့်မို့ အဲဒီအတွေးကို ဖျောက်ရမယ်တဲ့။ ဖျောက်တယ်ဆိုတာ ရုပ်နဲ့ နာမ် နှစ်မျိုးသာရှိတယ် ဆိုတဲ့ အသိကို ရအောင်လုပ်တာပဲ။

ငါ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်လည်း ရုပ်နဲ့ နာမ် နှစ်ခုတည်းပဲရှိတယ်။ ပို့နေတဲ့ ပုဂ္ဂိုလ်ကလည်း ရုပ်နဲ့ နာမ် နှစ်ခုတည်းပဲရှိတယ်ဆိုတော့ “ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ” — မှားယွင်းတဲ့ အယူအဆတစ်ခုကို မရောက်ပါစေနဲ့လို့ အတ္တဒိဋ္ဌိကို ပယ်ခွာလိုက်ပါ။

သတ္တဝါဆိုတာ မရှိဘူး။ အဲဒါ မပယ်ဘဲနဲ့ ဝိပဿနာကျင့်စဉ် ကျင့်လို့မရဘူးတဲ့။

ဝိပဿနာရဲ့ အာရုံသည် ရုပ်နဲ့ နာမ်ပဲရှိတယ်။ သတ္တဝါမဟုတ်ဘူး။ ဒါကြောင့်မို့ အတ္တဒိဋ္ဌိကို ပယ်ရှားလိုက်ပါဆိုတာ ရုပ်နဲ့ နာမ်ကို တွေ့အောင် ကြည့်ပါ။

တရားအားထုတ်တော့မယ်ဆိုရင် ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ ရုပ်တရား၊ နာမ်တရား၊ သူတစ်ပါးသန္တာန်မှာ ဖြစ်တဲ့ ရုပ်တရား၊ နာမ်တရား တွေ့အောင်လုပ်။ အဲဒီလိုလုပ်မယ်ဆိုရင် အရေးကြီးတာ ဘာလဲဆိုရင် သီလဝါ — ကိုယ်ကျင့်သီလ ရှိရမယ်။

ကိုယ်ကျင့်သီလဆိုတာ ဘာဖြစ်လို့ လိုအပ်တာတုန်းလို့ မေးရင် သမာဓိဖြစ်ဖို့အတွက် ကိုယ်ကျင့်သီလ လိုအပ်တယ်။

ကိုယ်ကျင့်သီလနှင့် ပြည့်စုံပြီးလို့ရှိရင် စိတ်က ကြည်နူးတယ်။ ကြည်နူးမှုကို အကြောင်းပြုပြီးတော့ ဝမ်းသာတယ်။ ဝမ်းသာမှုကို အကြောင်းပြုပြီးတော့ ပီတိဖြစ်တယ်။ ပီတိကို အကြောင်းပြုပြီးတော့ ပဿဒ္ဓိ — ကိုယ်စိတ်ငြိမ်းချမ်းတယ်။

ကိုယ်စိတ်ငြိမ်းချမ်းရင် သုခဆိုတဲ့ ချမ်းသာမှုဆိုတာ ဖြစ်လာတယ်။ ချမ်းသာမှုဖြစ်လာလို့ရှိရင် သမာဓိဆိုတဲ့ စိတ်တည်ငြိမ်မှုဟာ လွယ်လွယ်လေးနဲ့ ရလာတယ်။

စိတ်တည်ငြိမ်မှု ရလိုက်တာနဲ့ ယထာဘူတ ဉာဏ ဒဿန — မှန်မှန်ကန်ကန် သိတယ်ဆိုတဲ့ အသိဉာဏ်ဟာ ဝင်လာတယ်။

သီလ မစင်ကြယ်ဘူးဆိုရင် အဲဒါတွေ ဆုံးရှုံးနိုင်တယ်ပေါ့။ ဒါကြောင့်မို့ “သီလဝါ” — သီလရှိပါစေ တဲ့။

နောက်တစ်ခုက “ဒဿနေန သမ္ပန္နော”။ သီလရှိပြီး ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်လို့ရှိရင် ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး နိဗ္ဗာန်မြင်တာကို ဒဿန လို့ ခေါ်တယ်။

ဒီနေရာမှာ သင်္ခါရတရားတွေရဲ့ အဖြစ်အပျက်ကို မြင်ပြီးတဲ့နောက် သင်္ခါရတရားတွေရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မြင်လိုက်တယ်။

“ဒဿနေန သမ္ပန္နော” — အဲဒီအမြင်နဲ့ ပြည့်စုံတယ်ဆိုတာ သောတာပန်ဖြစ်သွားတာကို မြတ်စွာဘုရားက ဟောတာနော်။

“ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ” ဖြင့် ဝိပဿနာဉာဏ် ဖြစ်ပုံကို ဟောတယ်။
“ဒဿနေန သမ္ပန္နော” ဖြင့် သောတာပန်ဖြစ်ပုံကို ဟောတယ်။
“ကာမေသု ဝိနေယျ ဂေဓံ” — ကာမဂုဏ်အာရုံတွေမှာ တပ်မက်တဲ့ တဏှာကို ဖယ်ရှားပါဆိုတာက အနာဂါမ်ဖြစ်သွားတာကို ပြောတာတဲ့။

အနာဂါမ်ဖြစ်သွားပြီဆိုရင် ကာမဂုဏ်အာရုံတွေပေါ်မှာ တပ်မက်တဲ့၊ တွယ်တာတဲ့ တဏှာ ကင်းသွားပြီ။

"န ဟိ ဇာတု ဂဗ္ဘသေယျံ ပုန ရေတိ" — အဲသလို ကာမဂုဏ်အာရုံပေါ်မှာ တပ်မက်မှု ကင်းသွားပြီးနောက် ဝိပဿနာအရှိန် မြှင့်လိုက်လို့ရှိရင် ဘဝတစ်ခုမှာ နောက်ထပ် ဘယ်တော့မှ မိခင်ဝမ်းထဲ ရောက်တော့မှာ မဟုတ်ဘူး။ ဘယ်တော့မှ ပြန်လည်မွေးဖွားမှာ မဟုတ်တော့ဘူး။ မိခင်ဝမ်း ဘယ်တော့မှ ပြန်မဝင်ရတော့ဘူး။ ရဟန္တာဖြစ်တာကို ပြောတာ။

အဲဒီတော့ မေတ္တာကို အခြေခံပြီးတော့ ဝိပဿနာကျင့်စဉ်ကို ကျင့်လိုက်တယ် ဆိုလို့ရှိရင် ရဟန္တာဖြစ်နိုင်တယ်။ ဒါကို ပြောတာနော်။

မေတ္တာဘာဝနာကို ပွားပြီးတော့ မေတ္တာစိတ်ဓာတ်လေးကိုပဲ နာမ်တရားအဖြစ် ရှုမယ်။ ထို နာမ်တရားရဲ့ တည်ရာ နှလုံးသားကိုလည်း ရုပ်တရားအဖြစ်နဲ့ ရှုလိုက်မယ်။ အဲဒီလို ရှုလိုက်လို့ရှိရင် ဝိပဿနာဉာဏ်ရင့်ပြီး သောတာပန်ဖြစ်မယ်။ ထပ်ပြီး ဝိပဿနာဉာဏ် အဆင့်မြင့်လို့ရှိရင် သကဒါဂါမ်၊ အနာဂါမ် ဖြစ်မယ်။ အနာဂါမ်ဖြစ်တာနဲ့ တပြိုင်နက် ကာမဂုဏ်အာရုံတွေပေါ်မှာ တွယ်တာမှု တဏှာ ကင်းသွားမယ်။ အဲဒီကနေ အဆင့်မြှင့်ပြီး ကျင့်လိုက်တဲ့အခါ ကိလေသာ အာသဝေါကုန်လို့ နောင်ဘဝ ပြန်လည်မွေးဖွားခြင်း မရှိတော့ဘူးတဲ့။ အဲဒီကျတော့မှ အပြီးသတ်တယ်ပေါ့။

- ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ -
🙏313❤33👍24😍2
August 30, 2026 5.7K 7 38