နရီမိုး: post #5851 — TG.ME

လက်ရှိ မြင်နေရတဲ့ နီပေါနိုင်ငံရဲ့ ရုတ်တရက်ရေကြီးတဲ့ ဖြစ်စဉ်က အနည်းဆုံး သေဆုံးတဲ့သူ ၅၀၀ ကျော်၊ ပျောက်ဆုံးတဲ့သူ ၂၀၀၀ နီးပါးနဲ့ လူပေါင်း ၉ သောင်းကျော်ရဲ့ ဘဝလူနေမှုတွေကို ထိခိုက်ခဲ့တာ မြင်ရတယ်။ ဒီကိန်းဂဏန်းတွေက ကယ်ဆယ်ရေးလုပ် နေဆဲဖြစ်လို့ နောက်ပိုင်း အပြောင်းအလဲတွေလည်း မြင့်တက်လာနိုင်ခြေရှိသေးတယ်။
-------
နိုင်ငံတကာရဲ့ သတင်းထုတ်ပြန်ချက်တွေအရတော့…ဒီဖြစ်စဉ်က အများပြောသလို ရေကာတာ ကျိုးပေါက်မှု ဖြစ်စဉ်တွေကြောင့် ဖြစ်ခဲ့တာမဟုတ်ဘူး။ ထုတ်ပြန်ထားတဲ့ ဂြိုဟ်တုပုံတွေကိုကြည့်ရင်…ရေခဲတောင်ရဲ့ အစိတ်အပိုင်း ပြိုကျခဲ့တာကနေ ဒီလို သဘာဝ ဘေးဖြစ်ပေါ်ခဲ့တယ်လို့ သုံးသပ်ထားကြတယ်။ ဝမ်းနည်းစရာကောင်းတဲ့အချက်က ဒီလို သဘာဝဘေးဖြစ်နေချိန်မှာ မိုးရွာနေချိန် မဟုတ်ခဲ့ဘူး။ ဒီတော့ ခုလို ရေခဲတောင်ပြိုကျပြီး ရုတ်တရက်ရေကြီးလာတဲ့အပေါ်မှာ ဒေသခံတွေအနေနဲ့ ဘယ်လိုမှ ပြင်ဆင်ချိန် မရခဲ့တာ၊ သတိမထားမိနိုင်တာမျိုး ဖြစ်ခဲ့ရတယ်။ သတင်းတွေအရတော့…မြစ်ရေက မိနစ် ၃၀ အတွင်း ၉ မီတာလောက်အထိ မြင့်တက်လာခဲ့တယ်လို့လည်း ရေးသားနေကြတာ တွေ့ရတယ်။ ဆိုတော့…ဒီလို အရှိန်ပြင်းပြင်းနဲ့ စီးလာတဲ့ ရုတ်တရက် ရေကြီးတာကို ဘယ်လိုမှ တားဆီးနိုင်စရာ အကြောင်းလည်း မရှိနေခဲ့ဘူး။
-----
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိပြီး ယေဘူယျ ကောက်ချက်ချနိုင်တာကတော့ ကမ္ဘာ့အပူချိန် မြင့်တက်လာပြီး ဟိမဝန္တရာဒေသမှာ ရေခဲတောင်တွေ အရည်ပျော်ကျမှုနှုန်း များလာ နိုင်တယ်လို့တော့ သုံးသပ်ထားကြတယ်။ ပိုဆိုးတာက…ရေခဲတောင်ရဲ့ကြီးမားတဲ့ အစိတ် အပိုင်း ပြိုကျမှုက သာမန်စီးဆင်းနေတဲ့ မြစ်ရေကို ပိတ်ဆို့ပြီးကာမှ အရှိန်တစ်ခု ရတဲ့အချိန်မှာ…တာကျိုး၊ ဆည်ပေါက်သလို အရှိန်ပြင်းပြင်းနဲ့ စီးဆင်းလာတဲ့အခြေ အနေ မျိုးလို့ ယူဆနေကြတယ်။
---------
ဒီလောက်ကြီးကြီးမားမား ဖြစ်လာမယ်လို့ မျှော်လင့်မထားကြတဲ့ နီပေါနိုင်ငံရဲ့ မြစ်ဝှမ်း ဒေသလူနေမှုကလည်း အတော်လေးထူထပ်နေခဲ့တယ်။ ဒီလို သဘာဝဘေးမဖြစ်ခင်မှာ ရိုက်ကူးထားတဲ့ ရုပ်သံတွေကိုကြည့်ရင်…ခရီးသွားလုပ်ငန်းတွေအတွက်ပဲပြောပြော၊ သဘာဝအရဖန်တီးထားတဲ့ အေးချမ်းစိတ်ငြိမ်ရာ ဒေသတစ်ခုဖြစ်ခဲ့တာတော့ အမှန်ပဲ။ ကောလာဟလ သတင်းတွေမှာ အပေါ်ဘက်က ဆည်ကျိုးလို့ ဆိုပြီး ပြောကြပေမယ့် ဒီဖြစ်စဉ်က ဆည်ကြောင့် မဟုတ်နေဘူး။ ဒါကြောင့်လည်း ဒီလိုသဘာဝဘေးကို ကြိုတင် သတိပေးနိုင်စွမ်း မရှိခဲ့တာ တွေ့ရတယ်။
--------
ဒီဖြစ်စဉ်မတိုင်ခင်မှာ ၂၀၁၇ ခုနှစ်တုန်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့တဲ့ဖြစ်စဉ်ကြောင့် နီပေါနိုင်ငံမှာ ခရိုင် ၃၅ ခုအထိ ရေကြီးခဲ့ပြီး လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ရယ်၊ ၂၀၂၁ ခုနှစ်တုန်းက မယ်လန်ချီ( Melanchi) မြစ်ရေကြီးမှုကနေ အဆောက်အအုံတွေ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တဲ့ဖြစ်စဉ်ရယ်၊ ၂၀၂၄ ခုနှစ်မှာ မိုးသည်းထန်မှုကြောင့်ပဲ ရေကြီး/မြေပြိုမှုဖြစ်ပွားပြီး လူပေါင်း ၂၄၆ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ရယ်၊ …ဒါမျိုး ရှိခဲ့ဖူးတယ်။ ဒီအကြောင်းအရာတွေကို သုံးသပ်ကြည့်ရင်…နီပေါနိုင်ငံအနေနဲ့ သဘာဝဘေးဖြစ်တဲ့ ရေကြီး/ရေလျှံမှုနဲ့ မြေပြိုမှုပြဿနာက ခပ်စိတ်စိတ်လေး ဖြစ်လာနေတာ မြင်ရလိမ့်မယ်။
---------
နီပေါနိုင်ငံရဲ့ဖြစ်စဉ်ကို သုံးသပ်ကြည့်ရင်တော့…မြစ်ကမ်းဘေးက မြို့ပြ စီမံကိန်း နေရာတွေကို ပြောင်းလဲဖို့ လိုအပ်တာမျိုး တွေ့ရတယ်။ ကမ္ဘာကြီးပူနွေးလာတဲ့ နောက်ဆက်တွဲအန္တရာယ်အဖြစ်နဲ့ ဟိမဝန္တာတောင်တန်းတွေရဲ့ ပြောင်းလဲလာမှု အခြေအနေ တွေကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုလာတာမျိုး တွေ့နိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး မြစ်ဆုံဆည်ကို လူတွေက Highlight လုပ်နှိုင်းယှဉ်ပြောနေ ကြပေမယ့်…ဒီနေရာမှာ ကိန်းဂဏန်းတွေနဲ့ပဲ အနီးစပ်ဆုံး တွက်ချက်ကြည့်တာ ပိုကောင်းပါတယ်။
--------
အမြင့်အားဖြင့် ၆၀၀၀ မီတာနီးပါးရှိတဲ့ ခါကာဘိုရာဇီရေခဲတောင်က အနီးစပ် ဆုံးမြို့ဖြစ်တဲ့ ပူတာအိုနဲ့ အဖြောင့်တိုင်း တွက်ရင်… ၁၁၂ ကီလိုမီတာလောက် ဝေးသလို မြစ်ဆုံဆည် စီမံကိန်း ရှိမယ့်နေရာအထိ ဆိုရင်လည်း ၃၀၀ ကီလိုမီတာလောက် ဝေးနေ ဆဲပါ။ လက်ရှိဖြစ်ပွားတဲ့ နီပေါနိုင်ငံလိုမျိုး ဖြစ်ခဲ့ရင်တောင်… မြစ်ဆုံ အထိရောက်ဖို့ အနည်းဆုံး…နာရီပေါင်း ၆၀ လောက်ကြာနိုင်တဲ့အခြေ အနေမျိုး ရှိပါတယ်။ တစ်ခုရှိ တာက…နီပေါနိုင်ငံလိုမျိုး မြန်မာနိုင်ငံမြောက်ဖျားက လူနေထူထပ်တဲ့ အခြေအနေမျိုး လည်း မရှိနေပြန်သလို ခါကာဘိုရာဇီကနေ ပူတာအိုခရီးစဉ်မှာတောင် အနိမ့်အမြင့် အတက်အကျများတဲ့ တောတောင်ထူထပ်မှုက အထင်းသားမြင်ရဦးမှာပါ။ နောက်… ပူတာအိုကနေ မြစ်ကြီးနားအထိက လေယာဉ်ကြာချိန်တောင် အနည်းဆုံး တစ်နာရီ ရှိပါတယ်။ ဒီနေရာမှာ…. ဆည်ကျိုးလို့ ဆိုတဲ့ အဆိုးမြင်ဝါဒီထက်…ဒီလိုရုတ်တရက် ရေကြီးတာတွေကို တားဆီးနိုင်မယ့် ဆည်တွေ အဆင့်ဆင့် ဆောက်ထားနိုင်ရင်…သဘာဝ အတားအဆီးလိုမျိုးတောင် ဖြစ်နိုင်ခြေပိုရှိနိုင်ပါသေးတယ်။ တစ်ချို့အရာတွေက ကောလာဟလအဆင့်မှာတင် လမ်းဆုံး မနေတာ ပိုကောင်းပါတယ်။



(နရီမိုး)
👍446❤116🥰4👏3👌2👎1🔥1🥴1
August 29, 2026 7K 10 22