နရီမိုး: post #5848 — TG.ME

လူတရပ် အမြင့်ရှိတဲ့ အမှိုက်ပုံက အိမ်နောက်ဖေး လမ်းကြားမှာ (၁၀)နှစ်ကျော် သက်တမ်းအထိ ရှိနေနိုင်တာ အတော်လေးတော့ အံ့ဩဖို့ကောင်းတယ်။ တကယ်တော့ ရန်ကုန်ဆိုတာ…ပျံကျ လူနေမှုများတယ်။ နယ်တွေကနေ အလုပ်လုပ်ဖို့ တက်လာတယ်။ ဒါမှမဟုတ်…တိုက်ခန်း အပိုင်မဝယ်နိုင်ရာကနေ အငှားစနစ်နဲ့သွားကြတယ်။ ဒီတော့… အမှိုက်ကို ကိုယ့်နေရာက လွတ်ရင်ပြီးရောဆိုတဲ့စိတ်တွေနဲ့ ပြီးစလွယ် စည်းမဲ့ကမ်းမဲ့ ပစ်ကြတယ်။ လူတွေက စည်းကမ်းမရှိသလို ဒီနေရာမှာ စည်ပင်တွေကလည်း တာဝန်မဲ့ တာပါပဲ။ တာဝန်ရှိသူတွေကိုယ်တိုင် အလုပ်သိပ်လုပ်နေရင်…ဒီလို (၁၀)နှစ်သက်တမ်းရှိတဲ့ အမှိုက်ပုံ ဘယ်ဖြစ်လာမလဲ။
------
ခုလည်း ဘာပဲဖြစ်ဖြစ် ယုန်လေးတို့ ဦးဆောင်တဲ့ ပရဟိတ အဖွဲ့တွေ မြေပြင် ဆင်းနေကြတာ မြင်ရတယ်။ ဒါက တကယ်တော့ ရေတိုပဲရမယ်။ ပြင်ရမှာက မြို့ပြ အမှိုက်စနစ် စီမံခန့်ခွဲမှုကို ပြင်ရမှာ။ ပြသနာက အမှိုက်ကား မရောက်လို့လား။ အမှိုက်သိမ်း စနစ် ချို့ယွင်းချက်ရှိနေလို့လား။ ဒါမှမဟုတ် ပြည်သူတွေကိုယ်တိုင်က မြို့ပြလူနေမှုစနစ် နဲ့ မကိုက်ညီဘဲ စည်းကမ်းမဲ့ ပြီးစလွယ် ပစ်နေကြတာလား။ ဒါတွေကို အသေးစိတ် လေ့လာပြီး ပြင်ရတော့မယ်။
-------
တကယ်တော့ အမှိုက်ဆိုတာကလည်း Recycle ပြန်လုပ်တတ်ရင် စီးပွားရေးအခွင့် အလမ်းဖြစ်နိုင်တာပဲ။ စင်ကာပူမှာဆိုရင်…ပြန်သုံးလို့ရတဲ့ ပလတ်စတစ်ဗူးတွေကို ပြန်ဝယ်တဲ့ နေရာတွေ ထားပေးထားတာမျိုးရှိတယ်။ ကိုယ်တွေဆီမှာလည်း ပလတ် စတစ်တွေ၊ စက္ကူတွေ၊ အစားအစာစွန့်ပစ်အမှိုက်တွေ၊ မီးရှို့လို့ရတဲ့ အမှိုက်တွေ စသဖြင့် အမှိုက်ခွဲခြားတဲ့ စနစ်ကို အကောင်အထည်ဖော်နိုင်လေ …ပိုကောင်းလေပဲ။ အဓိက လူတွေရဲ့ Mindset တွေလည်း ပြင်ဖို့လိုတယ်။ အမှိုက်ကို ဘယ်လိုပစ်ပစ် အချိန်တန်ရင် စည်ပင်က လာသိမ်းမှာပဲဆိုတဲ့ စိတ်ဓာတ်တွေရှိနေလို့ကတော့ အဆင်မပြေနေဘူး။ ခုလို လူနေများတဲ့ တိုက်ခန်းတွေမှာ အမှိုက်တွေ စနစ်တကျ ပစ်ဖို့အတွက် ရပ်ကွက်/လမ်း အလိုက် တာဝန်ခံတွေ ထားနိုင်ရင် အကောင်းဆုံးပဲ။ တစ်ဖက်မှာလည်း ဥပဒေတွေ ပြဌာန်းပြီး ဒဏ်ငွေတွေနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်သင့်တယ်။
-----
ခုလို ယုန်လေးတို့ လုပ်နေတဲ့ ကိစ္စတွေမှာ…တိုင်းအစိုးရအနေနဲ့ လိုအပ်တဲ့ စက်ပစ္စည်း၊ ယန္တရားတွေ ပံ့ပိုးပေးနိုင်ရင်လည်း ပိုကောင်းတယ်။ တစ်နှစ်အတွင်းမှာ ရန်ကုန်က ပိုပြီး သန့်ရှင်းလာတယ် ဆိုတဲ့ အနေအထားမျိုးရောက်လာရင်…ဒါကလည်း အစိုးရ အတွက် အောင်မြင်မှုမှတ်တိုင်တစ်ခုပဲ။ ရန်ကုန်အတွက် Zero Long term Dump Policy လိုမျိုး မူဝါဒတွေ ချမှတ်ပြီး စီမံချက်ချ လုပ်သင့်တယ်။ ဥပမာ- ပထမအဆင့်အနေနဲ့ ဘယ်လောက် အဆင့်အထိ ရှင်းမယ်ဆိုတာမျိုး၊ ရှင်းပြီးတဲ့ နေရာတွေကို စနစ်တကျ စောင့်ကြည့်တာ မျိုး၊ အမှိုက်သိမ်းစနစ်ကို ပိုပြီးကောင်းအောင် စီမံပေးတာမျိုး၊ စည်ပင်ရဲ့ အမှိုက်သိမ်းစနစ်ကို လစဉ်၊ နှစ်စဉ်အလိုက် လုပ်ဆောင်ချက် တိုင်းတာစောင့်ကြည့်တာမျိုး၊ တိုက်ခန်းနေ ပြီး စည်းကမ်းမဲ့ပြည်သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်မယ့် ဥပဒေတွေ ပြဌာန်းပြီး ကိုင်တွယ်တာမျိုး…ဒါတွေ လုပ်သင့်တယ်။
------
တကယ်တော့…(၁၀)နှစ်ကျော် ကြာတဲ့ အမှိုက်ပုံကို ရှင်းနေတာက ပြဿနာ ရဲ့အကျိုးဆက်ကို ဖယ်ရှားတဲ့လုပ်ငန်းစဉ်တစ်ခုသက်သက်ပါ။ တာဝန်ရှိတဲ့သူတွေ ဖြေရှင်း ရမှာက ဒီလောက် ဆယ်စုနှစ်တစ်ခုကြာအောင် ဘာကြောင့် အမှိုက်ပုံ ဖြစ်နေခဲ့တာလဲ ဆိုတဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်ဖို့က ပိုအရေးကြီးတယ်။ ဒီနေရာမှာ ဘယ်သူမဖြေရှင်းခဲ့တာလဲ ဆိုတာ လက်ညိုးထိုးဖို့ထက် …ကိုယ်လက်ထက်မှာ ကိုယ်လုပ်နိုင်ရင်…ကိုယ်အမှတ်ရမယ့် ကိစ္စပါပဲ။

(နရီမိုး)
👍468❤76👏10👎2🥴1😎1
August 28, 2026 7.2K 23 15