ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရေးနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုရပ်တန့်ရေး အပါအဝင် အချက် ၅ ချက်ကို စစ်တပ်အား ဖိအားပေးရန် ထိုင်းအစိုးရကို ကန်နာဝီ တောင်းဆို
စက်တင်ဘာလ ၈ ရက်
မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိနေမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံရေးသမား ကန်နာဝီ ဆွပ်ဆန်က ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်တပ်အပေါ် အရပ်သားများအား တိုက်ခိုက်မှုရပ်တန့်ရန် ဖိအားပေးရေးအပါအဝင် အချက် ၅ ချက်ကို အရေးတကြီး ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။
ကရင်နီပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီသတ္တုတွင်းဒေသကို စက်တင်ဘာ ၁ ရက်က မြန်မာစစ်တပ်၏ တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား အနည်းဆုံး ၅ ဦးမှ ၆ ဦးအထိ သေဆုံးခဲ့ပြီး ၇ ဦးမှ ၉ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများကို ကိုးကား၍ ၎င်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အပြင်းအထန် ဒဏ်ရာရရှိသူ ၅ ဦးမှာ ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကျော်ဝင်ရောက်ကာ ခွန်ယွမ်ဆေးရုံတွင် ကုသမှုခံယူခဲ့ရပြီး အချို့ကို စီဆန်ဝမ်ဆေးရုံနှင့် နခွန်ပင်းဆေးရုံများသို့ ဆက်လက်လွှဲပြောင်းခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။
ယခုအခြေအနေသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး သက်သက်အဖြစ် သတ်မှတ်၍ မရတော့ကြောင်း၊ မြန်မာဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံနေရသလို ဒဏ်ရာရသူများကိုလည်း ထိုင်းဆေးရုံများတွင် ကုသပေးနေရသောကြောင့် နယ်စပ်ဒေသခံများနှင့် ထိုင်းနိုင်ငံကိုယ်တိုင်ပါ စစ်ပွဲ၏ အကျိုးဆက်များကို ခံစားနေရကြောင်း ၎င်းက ပြောသည်။
ယင်းကြောင့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရကူးလ် ဦးဆောင်သည့် အစိုးရအနေဖြင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ချက်ချင်း လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ကန်နာဝီက အချက် ၅ ချက်ဖြင့် တောင်းဆိုခဲ့သည်။
ပထမအချက်အနေဖြင့် မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အား အရပ်သားပြည်သူများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ လူနေရပ်ရွာများနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနေရာများကို တိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန် ထိုင်းအစိုးရက ဖိအားပေးရမည်ဟု တောင်းဆိုသည်။ ထို့အပြင် ဖြစ်စဉ်များနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် နိုင်ငံတကာဥပဒေအရ တာဝန်ခံမှုရှိစေရေး သက်သေအထောက်အထားများ ထိန်းသိမ်းထားရန်လည်း တောင်းဆိုခဲ့သည်။
ဒုတိယအချက်အနေဖြင့် ယင်းအရေးကိစ္စကို အာဆီယံ၏ သက်ဆိုင်ရာ ယန္တရားများသို့ အရေးတကြီး တင်ပြရန်နှင့် အကြမ်းဖက်မှုများရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဘေးကင်းလုံခြုံစွာ ဝင်ရောက်နိုင်ရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် အခြေခံလိုအပ်ချက်များအဖြစ် သတ်မှတ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
တတိယအချက်အနေဖြင့် မြန်မာစစ်တပ်ကို နိုင်ငံရေးအရ တရားဝင်မှု ပြန်လည်ရရှိစေရေး အထောက်အပံ့ပေးနေမှုများ ရပ်တန့်ရန်၊ ဖိနှိပ်မှုများအောက်တွင် စစ်တပ်က စီမံကွပ်ကဲထားသည့် ရွေးကောက်ပွဲသည် လက်ရှိပဋိပက္ခကို ဖြေရှင်းနိုင်မည်မဟုတ်သလို စစ်မှန်သည့် ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်ပေးနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
စတုတ္ထအချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြည်သူအားလုံးကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ထိုင်းအစိုးရက တောင်းဆိုဖိအားပေးရမည်ဟု ဆိုသည်။
ပဉ္စမအချက်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအား အရပ်သားများ ကာကွယ်စောင့်ရှောက်ရေးအတွက် လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တွန်းအားပေးရမည်ဟု တောင်းဆိုခဲ့သည်။ ပြည်သူများအပေါ် တိုက်ခိုက်ရာတွင် အသုံးပြုနေသည့် လက်နက်နှင့် လောင်စာဆီများ စီးဆင်းမှုကို ဖြတ်တောက်ရေး၊ အခြေခံလွတ်လပ်ခွင့်များ ပြန်လည်ရရှိရေးနှင့် မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းမှုများကို ထောက်ခံပေးရေးတို့ကို ဆောင်ရွက်ရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။
ကန်နာဝီက ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်ဆံရာတွင် စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးအကျိုးစီးပွားများကိုသာ အာရုံစိုက်မနေဘဲ အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် မိမိတို့၏ သံတမန်ရေးလမ်းကြောင်းကို ထိရောက်စွာ အသုံးပြုသင့်ကြောင်းလည်း ဝေဖန်ထောက်ပြခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

42
5
1September 8, 2026 1.6K 6