ကရင်၊ ပဲခူးနှင့် ပြင်ဦးလွင်ရှိ တောရဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များတွင် စစ်မှုထမ်းတိမ်းရှောင်ရန် ရဟန်းဝတ်သူများ မရှိစေရေး စစ်တပ်က စိစစ်ခိုင်း၊ ဝါဆိုသံဃာတော်စာရင်းများလည်း တောင်းယူနေ
စက်တင်ဘာလ ၆ ရက်
ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ တောရဘုန်းကြီး ကျောင်း များ၊ စာသင်တိုက်များနှင့် တရားရိပ်သာများတွင် စစ်မှုထမ်းတိမ်း ရှောင်ရန် ရည်ရွယ်၍ ရဟန်းလာဝတ်သူများ မရှိစေရေးအတွက် ဒုလ္လဘရဟန်းဝတ်လိုသူများကို စိစစ်လက်ခံပြီး သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အကြောင်းကြားရန် ညွှန်ကြားထားကြောင်း အဆိုပါဒေသမှ ကျောင်းထိုင်သံဃာတော်များထံမှ သိရသည်။
အထူးသဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရန် အကျုံးဝင်နိုင်သည့် အမျိုးသားများ စစ်မှုထမ်းတိမ်းရှောင်ရန် ရဟန်းဝတ်ခြင်း မဖြစ်စေရေး ယခုဝါတွင်းကာလတွင် ဒုလ္လဘရဟန်းဝတ်လိုသူများရှိပါက သက်ဆိုင်ရာ မြို့ နယ်သံဃာ့နာယကအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ထံ အသိပေးရန် နှုတ်မိန့်ဖြင့် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ စာသင်တိုက်မှ ကျောင်းထိုင်ဆရာတော်တစ် ပါးက လက်ရှိဝါဆိုသံဃာစာရင်းများကို တောင်းယူနေပြီး ပြင်ပမှ ရဟန်းအသစ် များ လာရောက်နေထိုင်ခြင်းနှင့် ဝါဆိုခြင်းကို လက်မခံရန်၊ အကြောင်း ကြောင်းကြောင့် လာရောက်တည်းခိုမည့် သံဃာတော်များရှိပါကလည်း မဖြစ်မနေ အကြောင်းကြားရန် ဖိအားပေးလာကြောင်း မိန့်ကြားသည်။
“အခု ဝါတွင်းကာလမှာ ဒုလ္လဘရဟန်းလာဝတ်တာမျိုးကတော့ မရှိပါဘူး။ ဒါပေမယ့် အဲဒါမျိုးရှိလာရင် သက်ဆိုင်ရာကို အကြောင်းကြားရမယ်လို့ ညွှန်ကြားထားတယ်။ အထူးသဖြင့် စစ်မှုထမ်းတိမ်းရှောင်ဖို့ ရဟန်းဝတ်တာမျိုးတွေ မဖြစ်အောင်ဆိုတဲ့သဘောမျိုးပါတယ်။ ကျောင်းမှာ လက်ရှိရှိနေတဲ့ ဝါဆိုသံဃာစာရင်းတွေကိုလည်း ပေးဖို့ တောင်းလာတယ်” ဟု အဆိုပါကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။
လက်ရှိ ဝါတွင်းကာလအတွင်း တောရဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များနှင့် တရားစခန်းများတွင် ပြင်ပမှ သံဃာ၊ သီလရှင်နှင့် ယောဂီအသစ်များကို လက်ခံမည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ထံ ကြိုတင်အကြောင်းကြားကာ ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်အတွင်းရှိ တောရဘုန်းကြီးကျောင်းနှင့် တရားရိပ်သာများတွင်မူ ယခုဝါဆိုကာလအတွင်း ရဟန်းနှင့် ကိုရင်အသစ်များကို ထပ်မံလက်မခံရန်၊ လက်ရှိနေထိုင်နေသော သံဃာ၊ သီလရှင်နှင့် ယောဂီများမှလွဲ၍ အခြားသူများကို နေထိုင်ခွင့်မပြုရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
ပြင်ဦးလွင်ဒေသရှိ ကျောင်းထိုင်သံဃာတော်တစ်ပါးက “ဝါတွင်းကာလမှာ မိမိတို့ရဲကျောင်းမှာ ပြင်ပက လာရောက် တည်းခိုလာနေတာတွေကို လက်မခံခိုင်းဘူး။ ရှိရင်းစွဲ သံဃာ၊ သီလရှင်၊ ယောဂီစာရင်းတွေကိုပဲ ပေးပို့ခိုင်းတယ်။ အပြင်က အသစ်လာတဲ့သူတွေကို လက်ခံရင်လည်း သံဃာနာယကနဲ့ ထွေအုပ်ကို အသိပေးရမယ်လို့ ပြောတယ်” ဟု မိန့်ကြားသည်။
အဆိုပါ ညွှန်ကြားချက်များသည် စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ခံရသည့် လူငယ်များက ဘုန်းကြီးကျောင်း၊ စာသင်တိုက်နှင့် တရားရိပ်သာများတွင် ရဟန်းဝတ်များဖြင့် ဝင်ရောက်ပုန်းအောင်းကာ စစ်မှုထမ်းတိမ်းရှောင်ခြင်း မပြုနိုင်စေရန် နှင့် ပြင်ဦးလွင်တပ်နယ်၏ လုံခြုံရေးအတွက်ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီးနောက် လူငယ်များကို အတင်းအကျပ် စစ်သားစုဆောင်းမှုများနှင့် ဖမ်းဆီးခေါ်ဆောင်မှုများ ဖြစ်ပွားနေသည့်အတွက် လူငယ်အများအပြားသည် နေရာအမျိုးမျိုးသို့ တိမ်းရှောင်နေကြရသည်။
ထို့ပြင် သံဃာတော်များနှင့် သီလရှင်များအနေဖြင့် ကား၊ မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ အသုံးပြုခြင်း မပြုရန်လည်း သက်ဆိုင် ရာ သံဃာ့နာယကအဖွဲ့နှင့် အာဏာပိုင်များက အထူးညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားကြောင်း သိရသည်။
#KTM
#HlaingInfo

9
3September 6, 2026 575 3