မင်းဘူး(စကု)နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် စစ်တပ်၏… — Hlaing Info — TG.ME

မင်းဘူး(စကု)နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး အရင်္ပသား ၂ ဦးကို ဖမ်းဆီးသွား

စက်တင်ဘာလ ၆ ရက်

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။

စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မင်းဘူးမြို့နယ်၊ ပေါင်းရွာဘက်မှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက မုတ္တောကြီးကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံမှ သိရှိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မုတ္တောကြီးကျေးရွာနေ အသက် ၁၃ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အသက် ၇ နှစ်အရွယ် မိန်းကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အသက် ၁၅ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးတို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

“ပေါင်းရွာကနေ ထွက်လာတဲ့ စစ်ကြောင်းက မုတ္တောကြီးကျေးရွာကို ဝင်ရောက်စီးနင်းပြီး လက် နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။ အဲဒီကျေးရွာမှာက တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို တော်လှ န်ရေးတပ်တွေလည်း မရှိပါဘူး။ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မုတ္တောကြီးကျေးရွာနေ အသက် ၁၃ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သလို အသက် ၇ နှစ်အရွယ် မိန်းကလေး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့ပြင် အသက် ၁၅ နှစ်အရွယ်နဲ့ အသက် ၂၀ အရွယ် အမျိုးသား ၂ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ကြောင်းက ပေါင်းရွာဘက်ကို ပြန်ဆုတ်သွားခဲ့ပါတယ်” ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၄ ရက်နေ့တွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက်စစ်တပ်က ဒရုန်းများအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) ထံမှ သိရှိရသည်။

ထမ္မကောက်ကျေးရွာတွင် ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည် လက်ဆည်ကျေးရွာမှတစ်ဆင့် အုန်းမှင်ကျေးရွာနှင့် ချတောက်ကျေးရွာကြားသို့ ရောက်ရှိလာပြီးနောက် ဒရုန်းအသုံးပြု၍ ဆူးပုတ်ကုန်းကျေးရွာအတွင်းသို့ ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ သူတို့ရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရဲ့ အမည်၊ အသက်အရွယ်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ စုံစမ်းနေတုန်းပါပဲ။ နေအိမ်တွေ ပျက်စီးမှု ရှိ၊ မရှိကိုလည်း ဆက်လက်စုံစမ်းနေပါတယ်” ဟု အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) မှ ဆရာထွေးက ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်အတွင်း မင်းဘူး(စကု)နှင့် ဆိပ်ဖြူမြို့နယ်တို့ရှိ ကျေးရွာများအပေါ် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးနှင့် တိုက်ခိုက်မှုများကြောင့် စုစုပေါင်း ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ ၂ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

#KTM
#HlaingInfo
🤬48❤4🔥3😁2
September 6, 2026 2.2K 1