ဂွ၊ ကျိန္တလီနှင့် ဂျိတ်တောဘက်သို့ စစ်ကောင်စီက ရေကြောင်းမှ… — Hlaing Info — TG.ME

ဂွ၊ ကျိန္တလီနှင့် ဂျိတ်တောဘက်သို့ စစ်ကောင်စီက ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေပြီး စလင်းမြို့နယ်တွင်လည်း  စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

စက်တင်ဘာလ ၃ ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့၊ ကျိန္တလီမြို့နှင့် ငပလီကမ်းခြေရှိ ဂျိတ်တောရပ်ကွက်နှင့် အနီးဝန်းကျင်ဒေသများဘက်သို့ အကြမ်းဖက်စစ်ကောင်စီက ပင်လယ်ပြင်တွင် တပ်စွဲထားသည့် စစ်သင်္ဘောများမှ ရေကြောင်းပစ်ခတ်တိုက်ခိုက်နေကြောင်း  အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။

အာရက္ခတပ်တော် AA ၏ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကောင်စီက ပင်လယ်ပြင်တွင် တပ်စွဲထားသည့် စစ်သင်္ဘောများမှ ဂွမြို့၊ ကျိန္တလီမြို့နှင့် ငပလီကမ်းခြေရှိ ဂျိတ်တောရပ်ကွက်နှင့် အနီးဝန်းကျင်ဒေသများဘက်သို့ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေကြောင်း၊စစ်ကောင်စီ၏ စစ်သင်္ဘောများက ယနေ့ နံနက် ၁၁ နာရီ ၂ မိနစ်ခန့်မှစတင်၍ အဆိုပါဒေသများဘက်သို့ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း AA က ပြောဆိုသည်။

လက်ရှိတွင် ရေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိ၊ မရှိနှင့် ပစ်ခတ်တိုက်ခိုက်မှု၏ အတိုင်းအတာကိုမူ အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဂွမြို့၊ ကျိန္တလီမြို့၊ ဂျိတ်တောရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ဒေသများရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းနှင့် ရေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကို အထူးသတိထားကြရန်လည်း AA က သတိပေးထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းပြီး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ဆိုသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ကပစ ၂၁ မှ လွှတ်တင်လိုက်သည့် အသေခံဒရုန်း ၂ စီးကို အသုံးပြု၍ စလင်းမြို့နယ်၊ ကံပြားကျေးရွာအနောက်ဘက်ရှိ ငလှိုင်ကျေးရွာ ဘုန်းကြီးကျောင်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငလှိုင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည့် သက်တော် ၄၀ အရွယ် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“စခတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ကပစ ၂၁ က လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်။ နေအိမ်ပျက်စီးတာမျိုးတော့ မရှိဘူး။ ငလှိုင်ကျေးရွာ ဘုန်းကြီးကျောင်းက သက်တော် ၄၀ အရွယ် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိတယ်။ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဩဂုတ်လ ၂၈ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်ဘက်မှ စစ်ကြောင်းထိုးထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းက စလင်းမြို့နယ်၊ ထိန်ကန်ကျေးရွာနှင့် တမာချောင်းကျေးရွာဘက်ရှိ ဆည်ဘောင်အနီးတစ်ဝိုက်ကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ၊ယင်းဒရုန်းဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ပြည်သူ ၁ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ခြေထောက်ဖြတ်တောက်ကုသမှု ခံယူခဲ့ရကြောင်း သိရှိရသည်။

စစ်တပ်က ရခိုင်ကမ်းရိုးတန်းဒေသများတွင် စစ်သင်္ဘောများအသုံးပြု၍ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသကဲ့သို့ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မကွေးတိုင်း စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း ဒရုန်းများအသုံးပြု၍ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။ Photo- AFP ။
#KTM
#HlaingInfo
🤬14❤3👍1👎1👏1
September 3, 2026 902 2