ကလေးမြို့တွင် မိုးဆက်တိုက်ရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်နှင့် ကျေးရွာများ ရေနစ်မြုပ်ကာ လမ်းတံတားများပါပျက်စီး၊
▪️ပဲခူးတွင်လည်း မြစ်ရေ ဆက်တက်နေပြီး စာသင်ကျောင်းများ ပိတ်ထားရ
စက်တင်ဘာလ ၃ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မိုးဆက်တိုက်ရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်နှင့် ကျေးရွာများ ရေနစ်မြုပ်ကာ လမ်းတံတားများပါပျက်စီးပြီး အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁ ရက်နေ့က စတင်ပြီး ကလေးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့၏ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသအများစုတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
စက်တင်ဘာလ ၂ ရက်နေ့တွင် ကလေးမြို့မြောက်ပိုင်းရှိ ဖောင်ကူးကျေးရွာဘက်တွင် ရေစတင်မြုပ်နေကာ ကျည်ကုန်းကျေးရွာဘက်တွင်လည်း လမ်းပေါ်သို့ ရေအများအပြား ဝင်ရောက်လာသည့်အတွက် သွားလာ၍ မရတော့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ရှိရာ မြို့ပြင်မြောက်ဘက်အထိ ရေဝင်ရောက်နေပြီး တမူးဘက်သို့ သွားသည့် ကွင်းလမ်းနှင့် ကလေးဝဘက်သို့ သွားသည့် ကျည်ကုန်းလမ်းရှိ အနိမ့်ပိုင်းနေရာများတွင်လည်း ရေမြုပ်နေ၍ ဆိုင်ကယ်များပင် သွားလာ၍ မရတော့ကြောင်း သိရှိရသည်။
ဖောင်ကူးလမ်းရှိ အနိမ့်ပိုင်းတွင် တည်ရှိသော ဘုန်းတော်ကြီးကျောင်းများအတွင်းကိုလည်း ရေဝင်ရောက်လာ၍ သံဃာတော်များနှင့် ပြည်သူများ ရွှေ့ပြောင်းနေကြရသည်။
ကလေးမြို့တောင်ပိုင်း ဇင်းကလင်းတံတား ဘေးဘက်ရှိ မြေသားများ ပြိုကျသွားသည့်အတွက် လမ်းပိတ်ထားရပြီး ကူးသန်းသွားလာ၍ မရတော့ပေ။ ထို့ပြင် ကလေးမြို့အနိမ့်ပိုင်းတွင်ရှိသော မြို့သာရပ်ကွက်၊ ဇင်းကလေးကျေးရွာနှင့် မင်္ဂလာဥယျာဉ်ရပ်ကွက်တို့တွင်လည်း ရေများ စတင်ဝင်ရောက်နေပြီဖြစ်သည်။
ထို့အပြင် ကလေးမြို့တွင်းရှိ ဥပုသ်ချောင်းသည်လည်း မိုးအနည်းငယ်ရွာလျှင်ပင် ရေလျှံလေ့ရှိပြီး ယခုအခါ ချောင်းအတွင်း အမှိုက်သရိုက်များ ပိတ်ဆို့နေသည့်အတွက် အနီးအနားရှိ နေအိမ်များ ရေမြုပ်နေကြောင်း၊ အဆိုပါ ရေကြီးရေလျှံမှုနှင့်အတူ အင်တာနက်လိုင်းများနှင့် Wi-Fi လိုင်းများပါ အဆက်အသွယ် ပြတ်တောက်လျက်ရှိသည်။ လက်ရှိတွင် ကလေးမြို့ရှိ အမြင့်ပိုင်းနေရာဖြစ်သော တာဟန်းရပ်ကွက်ဘက်တစ်ခုသာ ရေဘေးမှ ကင်းလွတ်လျက်ရှိကြောင်း သိရှိရသည်။
"အခုက ကလေးမြောက်ပိုင်းဆိုရင် ဖောင်ကူးရွာတို့ဘက်ဆို မြုပ်နေပြီ ကျည်ကုန်းရွာကတော့ မမြုပ်သေးပေမယ့် လမ်းပေါ်မှာ ရေတွေ တော်တော်ဝင်နေပြီ ရေတော်တော်များနေလို့ သွားလို့ရမတော့ဘူး။ စစ်တပ်ထိုင်ထားတဲ့ ဂိတ်နေရာ မြို့ပြင်မြောက်ဘက်ထိ ရေရောက်နေပြီ ကလေးတောင်ပိုင်း ဇင်းကလင်းတံတားက တံတားပဲကျန်ပြီး ဘေးက မြေသားတွေပြိုကျသွားလို့ ပိတ်ထားတာ သွားလို့မရတော့ဘူး။ တောင်ပိုင်းဆိုရင်လည်း အနိမ့်ပိုင်းတွေရေဝင်နေပြီ ကလေးမြို့က ရေကြီးပြီ ရေလျှံပြီဆိုရင် တောင်ပေါ်ဘက်တက်တဲ့ အမြင့်ပိုင်း တာဟန်းဘက်ပဲလွတ်တာပေါ့။ အရှေ့ရယ် တောင်ရယ် မြောက်ရယ်က အမြဲတမ်းရေဝင်တယ်။ မြစ်ဘေးတွေဆိုတော့လည်း တော်တော်လေးဆိုးတယ် မိုးကလည်း အဆက်မပြတ်ရွာနေတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင်လည်း ပဲခူးမြစ်ရေ ဆက်လက်မြင့်တက်လာ၍ စာသင်ကျောင်း ၁၃ ကျောင်းကို ယာယီပိတ်ထားရ သည်ဟု ဒေသခံများထံမှ သိရသည်။
စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းမှစ၍ မြစ်ရေမြင့်တက်လာခြင်းကြောင့် စာသင် ကျောင်းများကို ယာယီပိတ်ထားလိုက်ခြင်းဖြစ်ပြီး ယနေ့တွင်လည်း ရေဆက်တက်လာသည်ဟု ဒေသခံများက ဆိုသည်။
ပဲခူးမြို့ဒေသခံတဦးက"မနေ့ကထက် နည်းနည်းတော့ထပ်တက်တယ်။ အရမ်းတော့မတက်ဘူး။မနေ့ကရေဝင်တဲ့နေရာတွေပဲ ဝင်တယ်။ ရန်ကုန်-ပဲခူးလမ်းကတော့ ကား၊ ဆိုင်ကယ် ဖြတ်လို့ရတယ် လမ်းမပေါ်။ ရေဝင်တဲ့အစိုးရကျောင်း တချို့တော့ပိတ်ထားတယ်။ ပြောင်းတဲ့သူလည်းပြောင်းတယ်။ အရမ်းဆိုးဆိုးဝါးဝါးတော့ မဟုတ်တော့လေ။ ရေကြီးတဲ့အပိုင်းတွေတော့ ဖြတ်ထားတယ်။ တချို့နေရာတွေကိုတော့ မီးမဖြတ်ဘူး။"ဟု ပြောသည်။
လက်ရှိချိန်တွင် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှာ မူလွန်- ဇိုင်းဂနိုင်းကြီး၊ မူလွန်-မြို့ ဦးကင်း၊ မူလွန်-ဥဿာ-၆၊ မူလွန်-မဇင်း(ခ)၊ မူလွန်-လက်ပန်ခုန်၊ မူလွန်-ရွှေလှေရွာမ၊ မူလွန်-ကျောက်ကြီးစုနှင့် မူလွန်-သာယာအေး၊ လ(ခွဲ)-မဲခုန်၊ လ(ခွဲ)ဖောင်တော်ဦး၊ ထခွဲ ၅၊ အထက ၄ နဲ့ အထက ၁၀ တို့ဖြစ်ကြောင်း သိရသည်။
ပဲခူးမြစ်ရေကြောင့် ကျွန်းသာယာ၊ ကျောက်ကြီးစု၊ ကလျာဏီ၊ မြို့သစ်၊ မဇင်း၊ ဇိုင်းတောင်နှင့် မဟာမြိုင်ရပ်ကွက်ကတို့ ရေမြှုပ်နေသည်ဟု ဆိုသည်။ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ စက်တင်ဘာ ၃ ရက် မနက်ပိုင်းအချိန် တိုင်းတာချက်အရ ပဲခူးမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက် ၁ ပေ ၅ လက်မ ပိုနေ၍ မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းနေသူများ ရေဘေးလွတ်ရာ ရှောင်ရှားရန် ထုတ်ပြန်ထားသည်။
#KTM
#HlaingInfo

17
10
9
6
2
1September 3, 2026 2.5K 2