အရက်၊ ဘီယာ နားထားတာ ဒီနေ့ဆို ၂ လ (ရက်ပေါင်း ၆၀ တိတိ) ပြည့်ခဲ့ပါပြီ။… — BTech Tin Ko Ko — TG.ME

အရက်၊ ဘီယာ နားထားတာ
ဒီနေ့ဆို ၂ လ (ရက်ပေါင်း ၆၀ တိတိ)
ပြည့်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ ၁ လပြည့်တုန်းကလည်း
ခဏနားထားဖြစ်တဲ့အကြောင်း
Post တစ်ခု ရေးခဲ့ပါတယ်။

တကယ်တော့ အစက
လုံးဝမသောက်တော့ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့
စခဲ့တာ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို ခဏ Reset ချကြည့်ချင်လို့၊
မသောက်ဘဲ နေကြည့်ရင်
ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ
ဘာတွေပြောင်းလဲသွားမလဲဆိုတာ
သိချင်လို့ စမ်းကြည့်ခဲ့တာပါ။

အခု ရက် ၆၀ ပြည့်တဲ့အချိန်မှာတော့
မျှော်လင့်ထားတာထက်တောင်
ပြောင်းလဲမှုတွေကို ပိုသိသာစွာ ခံစားရပါတယ်။

အရင်ဆုံး သိသာတာက မနက်ခင်းတွေပါ။
နိုးလာတဲ့အချိန်မှာ
ခေါင်းပိုကြည်တယ်၊ ကိုယ်ပိုလန်းတယ်၊
တစ်နေ့တာကို စတင်ဖို့လည်း ပိုအားရှိလာတယ်။

မနက်ပိုင်း အချိန်တွေကို
အလုပ်လုပ်ဖို့၊ စဉ်းစားဖို့နဲ့
ကိုယ့်အတွက် အသုံးဝင်တဲ့အရာတွေ လုပ်ဖို့
ပိုကောင်းကောင်း အသုံးချဖြစ်လာပါတယ်။

နောက်တစ်ခုက Focus ပါ။
အလုပ်တွေ အများကြီးရှိတဲ့အချိန်မှာတောင်
အရင်ထက် စိတ်ကို ပိုစုစည်းနိုင်လာတယ်။
ဆုံးဖြတ်ချက်ချတဲ့အခါလည်း
ပိုတည်ငြိမ်လာပြီး
မလိုအပ်တဲ့ Emotion တွေနောက်လိုက်ပြီး
ဆုံးဖြတ်တာမျိုး နည်းလာတယ်လို့ ခံစားရပါတယ်။
အိပ်စက်မှုလည်း ပိုကောင်းလာသလို
ကိုယ်ခန္ဓာ ပိုပေါ့ပါးလာတာလည်း
သိသာပါတယ်။

ဒါပေမယ့် ဒီရက် ၆၀အတွင်း
ကျွန်တော်အကြိုက်ဆုံး ပြောင်းလဲမှုကတော့
ခန္ဓာကိုယ်ပိုင်း မဟုတ်ပါဘူး။
Self-Discipline ပါ။
တစ်ခုခုကို မလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး
ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တိုင် ထိန်းနိုင်တာက
ကိုယ့်ကိုယ်ကို ယုံကြည်မှုတစ်မျိုး ပိုပေးပါတယ်။

ဘဝမှာ တစ်ခါတလေ
အသစ်တစ်ခု ထပ်ထည့်ဖို့ထက်
ကိုယ့်ဘဝထဲက အရာတစ်ခုကို
ခဏဖယ်ထားကြည့်တာက ပိုကောင်းတဲ့
အပြောင်းအလဲတွေ ဖြစ်လာစေနိုင်ပါတယ်။

ဒီ ၂ လက ကျွန်တော့်အတွက်တော့
အရက်၊ ဘီယာ မသောက်တဲ့ ရက် ၆၀ သက်သက်
မဟုတ်တော့ပါဘူး။

ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ စိတ်နဲ့
နေ့စဉ်ဘဝကို ပြန်ကြည့်ဖြစ်စေခဲ့တဲ့
ရက်ပေါင်း ၆၀ ဖြစ်သွားပါတယ်။
ရှေ့ဆက် ဘယ်လောက်အထိ နားဖြစ်မလဲတော့
အခုထိ သတ်မှတ်မထားသေးပါဘူး။
လက်ရှိခံစားနေရတဲ့
ဒီလိုကောင်းမွန်တဲ့ Balance လေးကိုတော့
ဆက်ထိန်းကြည့်ပါဦးမယ်။

60 Days.
A Small Reset, A Better Version of Myself.

Tin Ko Ko
(KSI Engineering)
❤13👍6
August 30, 2026 1K