အောင်မြင်နေတဲ့အရာကိုတောင် ပြောင်းရဲရတယ်။ Engineer to Entrepreneur |… — BTech Tin Ko Ko — TG.ME

အောင်မြင်နေတဲ့အရာကိုတောင် ပြောင်းရဲရတယ်။
Engineer to Entrepreneur | Episode #046

လုပ်ငန်းတစ်ခု အဆင်မပြေရင်
ပြောင်းဖို့ ဆုံးဖြတ်ရတာ လွယ်တယ်။
ရောင်းအားမရှိဘူး။
Customer မရှိဘူး။
အရှုံးပေါ်နေတယ်။
ဒီလိုအခြေအနေဆို
တစ်ခုခု ပြောင်းလုပ်ရတော့မယ်
ဆိုတာ လူတိုင်း သိတယ်။

ဒါပေမယ့်
Entrepreneur ဘဝမှာ
ပိုခက်တဲ့ ဆုံးဖြတ်ချက်တစ်မျိုး ရှိတယ်။
အဆင်ပြေနေတဲ့အရာကို ပြောင်းဖို့။

ကိုယ်လုပ်နေတဲ့အရာက ဝင်ငွေရနေတယ်။
Customer တွေလည်း ရှိတယ်။
လူတွေကလည်း သိနေပြီ။
အပြင်ကကြည့်ရင်
ဘာမှပြောင်းစရာမလိုသလိုပဲ။

ဒါပေမယ့်
ကိုယ်တိုင်ကတော့ တစ်ခုခုကို မြင်နေရတတ်တယ်။
Market ပြောင်းလာတာ ဖြစ်နိုင်တယ်။
Technology အသစ် ဝင်လာတာ ဖြစ်နိုင်တယ်။
Customer တွေရဲ့ အလေ့အထ
ပြောင်းလာတာ ဖြစ်နိုင်တယ်။

ဒါမှမဟုတ်
ကိုယ်လုပ်နေတဲ့ပုံစံက
နောက်နှစ်အနည်းငယ်အတွက်
မလုံလောက်တော့ဘူးဆိုတာ
ကိုယ်က အရင်သိနေတာ ဖြစ်နိုင်တယ်။

ဒီအချိန်မှာ
အကြီးဆုံးရန်သူက Competitor မဟုတ်ဘူး။
ကိုယ်အောင်မြင်ခဲ့တဲ့ နည်းလမ်းဟောင်း
ဖြစ်လာတတ်တယ်။

အရင်တုန်းက ကျွန်တော် သင်တန်းစသင်တော့
လူနည်းနည်းကို
အိမ်အရောက် သွားသင်ပေးခဲ့တယ်။
Company Office တွေ သွားသင်ပေးခဲ့တယ်။
နောက်ပိုင်းမှာ
သင်တန်းကျောင်း ဖြစ်လာတယ်။
Video Recording တွေ လုပ်တယ်။
Online ကနေ သင်ပေးတယ်။
အင်တာနက်မကောင်းတဲ့ နေရာတွေအတွက်
DVD နဲ့ Note တွေ ပို့ပေးခဲ့ဖူးတယ်။
အဲဒီအချိန်မှာ
ဒီနည်းလမ်းတွေက အလုပ်ဖြစ်ခဲ့တယ်။

ဒါပေမယ့်
ဒီနေ့မှာ DVD ပို့ပြီး
Online Education လုပ်မယ်ဆိုရင်တော့
မဖြစ်နိုင်တော့ဘူး။
အဲဒီခေတ်က အောင်မြင်ခဲ့တဲ့နည်းလမ်းကို
ဒီနေ့အထိ မပြောင်းဘဲ ဆုပ်ကိုင်ထားရင်
အတိတ်က အောင်မြင်မှုကပဲ
အနာဂတ်တိုးတက်မှုကို တားထားနိုင်တယ်။
ဒီ Lesson ကို Business လုပ်လာရင်း
ပိုသဘောပေါက်လာတယ်။

တစ်ချိန်က ကောင်းခဲ့တဲ့ Product တစ်ခုဟာ
အမြဲတမ်း ကောင်းနေမှာ မဟုတ်ဘူး။
တစ်ချိန်က အလုပ်ဖြစ်ခဲ့တဲ့ Marketing နည်းလမ်းဟာ
အမြဲတမ်း အလုပ်ဖြစ်နေမှာ မဟုတ်ဘူး။
တစ်ချိန်က ကိုယ်အားသာခဲ့တဲ့ Skill တစ်ခုဟာ
Technology ပြောင်းသွားရင်
သာမန် Skill တစ်ခု ဖြစ်သွားနိုင်တယ်။

အထူးသဖြင့်
Technology နဲ့ AI တွေ
မြန်မြန်ဆန်ဆန် ပြောင်းလာတဲ့အချိန်မှာ…
ငါ ဒီလိုလုပ်လာတာ နှစ်ပေါင်းများစွာရှိပြီ
ဆိုတဲ့စကားက
အားသာချက်ဖြစ်နိုင်သလို
အန္တရာယ်လည်း ဖြစ်နိုင်တယ်။

အဲဒီကနေ ကျွန်တော်
ကိုယ့်ကိုယ်ကိုယ် မေးဖြစ်တဲ့ မေးခွန်းတစ်ခုရှိတယ်။
ဒီနေ့မှ အစကနေ ပြန်စရမယ်ဆိုရင်
ငါ ဒီအလုပ်ကို ဒီနည်းအတိုင်းပဲ လုပ်ဦးမလား?
အဖြေက မလုပ်တော့ဘူး ဆိုရင်
ပြောင်းဖို့ စဉ်းစားသင့်နေပြီ။

Engineer ဘဝမှာလည်း
Design Code အသစ်ထွက်လာရင်
အဟောင်းကိုပဲ ငါတို့ ဒီလိုပဲ လုပ်လာတာ
ဆိုပြီး ဆက်သုံးနေလို့ မရဘူး။
Software Version ပြောင်းတယ်။
Standard ပြောင်းတယ်။
Construction Technology ပြောင်းတယ်။
Engineer က လိုက်လေ့လာရတယ်။

Entrepreneur လည်း အတူတူပါပဲ။
ကိုယ်တည်ဆောက်ထားတဲ့ Business ကို ချစ်လို့
အရင်ပုံစံအတိုင်း မပြောင်းဘဲ ထိန်းထားတာက
အမြဲတမ်း ကာကွယ်ပေးနေတာ မဟုတ်ဘူး။

တစ်ခါတလေ
ကိုယ်တည်ဆောက်ခဲ့တဲ့အရာကို
ကိုယ်တိုင် ပြန်ပြောင်းရဲမှ
အဲဒီအရာက ဆက်ရှင်သန်နိုင်တာပါ။

အခု ပြန်တွေးကြည့်တော့
ကျွန်တော့် Career ကိုယ်တိုင်ကလည်း
ဒီလိုပဲ ပြောင်းလာခဲ့တာ။

Site Engineer ကနေ QS။
QS ကနေ Structural Engineer။
Engineer ကနေ ဆရာ။
Freelancer ကနေ Founder။

အဆင့်တစ်ခုချင်းစီမှာ
အရင်ဘဝကို မုန်းလို့
ပြောင်းခဲ့တာ မဟုတ်ဘူး။
နောက်တစ်ဆင့်အတွက်
အရင်နည်းလမ်းတစ်ခုတည်းနဲ့ မလုံလောက်တော့လို့
ပြောင်းခဲ့တာတွေ ရှိတယ်။

ဒါကြောင့်
အောင်မြင်နေတဲ့အချိန်မှာ
ကိုယ့်ကိုယ်ကိုယ် မေးဖို့ အရေးကြီးတယ်။
အခုကောင်းနေတာကို ဘယ်လိုထိန်းမလဲ?
တစ်ခုတည်းမဟုတ်ဘူး။
နောက်တစ်ခေတ်ရောက်ရင်လည်း
ဒီအရာက ကောင်းနေဦးမှာလား?
ဆိုတာပါ မေးရမယ်။

Business မှာ တစ်ခါတလေ
မအောင်မြင်တာကို စွန့်လွှတ်ရဲဖို့ လိုတယ်။
ဒါပေမယ့် ပိုခက်တာက
ကိုယ့်ကို အောင်မြင်စေခဲ့တဲ့ နည်းလမ်းတစ်ခုကို
အချိန်တန်ရင် ပြောင်းရဲဖို့ပါပဲ။

Tin Ko Ko
(KSI Engineering)

Ads

မြို့ပြအင်ဂျင်နီယာ သင်တန်းများ
https://ksi.civilengr.org

-

ဆောက်လုပ်ရေးဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများ
http://deltabe.com/?page_id=1181

-

အနာဂတ်အတွက် Wealth Building, Financial Freedom နဲ့ Passive Income တည်ဆောက်လိုသူများအတွက် Stock Investment & Financial Literacy သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

အသေးစိတ်လေ့လာရန်
https://deltabe.com/?page_id=1353

-
❤2
September 1, 2026 685