ယောနယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း အင်အားအလုံးအရင်းဖြင့် လှုပ်ရှားနေ၊ ကံချောင်းရွာသို့ ရောက်ရှိပြီး မော်တော်ယာဉ်များ ချောဆွဲခံရ
မေ ၂၉၊ ယောဒေသ
မကွေးတိုင်း၊ ယောနယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေပြီး၊ ယမန်နေ့က ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိတွင် ကံချောင်းကျေးရွာသို့ ရောက်ရှိနေရာယူထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ကံကြီးကျေးရွာဘက်မှ စတင်ထွက်ခွာလာသည့် အင်အား ၃၀၀ ဝန်းကျင်ပါဝင်သော အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လမ်းခရီးတွင် တစ်ညအိပ် ကြာ ပြီးနောက်၊ ယနေ့ (မေလ ၂၉ ရက်) တွင် ကံချောင်းကျေးရွာအတွင်းသို့ ဝင်ရောက်ရောက်ရှိနေပြီ ဖြစ်သည်။
မြေပြင်သတင်းအချက်အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကံချောင်းကျေးရွာအတွင်း၌ ရောက်ရှိနေပြီး ဒေသခံပြည်သူပိုင် အရပ်သားမော်တော်ယာဉ်ငယ် ၂ စီးနှင့် ဖောကား ၂ စီးတို့ကိုလည်း အဓမ္မချောဆွဲ (သိမ်းဆည်း) အသုံးပြုထားကြကြောင်း သိရသည်။ အဆိုပါ စစ်ကြောင်းသည် ကံချောင်းရွာတွင် ယနေ့ည ဆက်လက်စခန်းချခြင်း ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်လျက် ရှိပါသည်။
ယောနယ်တောင်ပိုင်းတွင် နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေသည့်အပြင် စစ်ကောင်စီစစ်ကြောင်း ကျေးရွာများအတွင်း ရောက်ရှိနေခြင်းကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာနေပြည်သူများအနေဖြင့် လေကြောင်းရန်၊ လက်နက်ကြီးအန္တရာယ်နှင့် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံနိုင်သည့် အန္တရာယ်များကို အထူးဂရုပြု သတိထားကြရန် နှိုးဆော်ထားသည်။
ထို့အပြင် မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးကို ရှေးရှု၍ စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားရာလမ်းကြောင်းများနှင့် ဝေးရာနေရာများတွင်သာ ရှောင်တိမ်းနေထိုင်ကြပါရန် မြေပြင်သတင်းရင်းမြစ်များက တိုက်တွန်းနှိုးဆော်ထားပါသည်။
Aung Gyi
ယောအလင်းတန်း


