အင်္ဂလိပ်စာ လေ့လာနေရင်းနဲ့ အဆုံးမရှိတဲ့ သမုဒ္ဒရာကြီးထဲ ရောက်သွားသလို ခံစားနေရပြီလား။
ဒီ Post လေးက အင်္ဂလိပ်စာ လေ့လာရာမှာ Intermediate/ Upper-Intermediate Level ရောက်နေပြီး Advanced Level ရောက်ဖို့ ရုန်းကန် နေရသူတွေ အတွက် ပိုပြီး ရည်ရွယ်ပါတယ်။ အစပိုင်း Level တွေတုန်းက ဆိုရင် ကိုယ့်ရဲ့ တိုးတက်မှုတွေ အရမ်းမြန်တာပဲလို့ ခံစားခဲ့ရမှာပါ။
ဒါပေမယ့် Advanced Level ကို ရောက်အောင် ကြိုးစားနေတဲ့ သူတိုင်းလိုလို ခံစားနေရတာက၊ ရှေ့မှာ မြင်နေရတယ်၊ ကြိုးစားရင် ရမယ်မှန်းလည်း သိတယ်။ အဲဒိ ကြည်လင်နေတဲ့ အလွှာပါးလေးကို ဖြတ်ကျော်ဖို့ကျတော့ ဘာ့ကြောင့်မှန်းမသိ ခက်ခဲနေတာမျိုးပေါ့။
အဆင့်မြင့်လာတာနဲ့ အမျှ လေ့လာစရာတွေကလည်း များလာပြီး၊ အဆုံးမရှိတဲ့ သမုဒ္ဒရာကြီး တစ်ခုကို ဖြတ်ကူး နေရသလိုမျိုးနဲ့၊ တိုးတက်မှုတွေက တဖြည်းဖြည်း နှေးကွေး လာတတ်ပါတယ်။
ဒီလို အခြေအနေမျိုး ကြုံတွေ့နေရသူတွေ အတွက်၊ ကျော်လွှားနိုင်မယ့် နည်းလမ်းကောင်းလေး တစ်ခု မျှဝေပေးချင်ပါတယ်။
ကျွန်မ ကိုယ်တိုင်လည်း ဒီလို အခြေအနေမျိုး ကြုံခဲ့ရပြီး၊ ကိုယ် တတ်သိ နားလည်နေခဲ့တဲ့ English ဝေါဟာရတွေ၊ ဝါကျတွေက ဘယ်ကနေ ရောက်လာတာလဲ ဆိုတာ ဆန်းစစ်ကြည့်တော့၊
ကျွန်မ ဝါသနာပါတဲ့ Astrology (နက္ခတ္တဗေဒ) နဲ့ Palmistry (လက္ခဏာပညာ) စာအုပ်တွေ ဆီကနေ ဆိုတာ သတိ ထားမိခဲ့တယ်။ ငယ်စဉ်ကတည်းက အဲဒိပညာရပ်တွေကို အရမ်း စိတ်ဝင်စားခဲ့တာပါ။ ယနေ့ အချိန်ထိလည်း နေ့စဉ်လိုလို သူတို့နဲ့ ပတ်သက်တာတွေကိုဘဲ အများဆုံး ဖတ်ရှုလေ့လာ ဖြစ်နေဆဲပါ။ နက္ခတ္တဗေဒ စာအုပ်တွေက ဘဝကို တင်စားရင်း ကဗျာဆန်ဆန် ရေးသား တတ်ပြီး၊ အလွန်လှပတဲ့ စကားလုံးတွေကို အသုံးပြုထားတာကြောင့်လည်း ကျွန်မအနေနဲ့ များစွာ သဘောကျ မိပါတယ်။
ကျွန်မဆိုရင် ကျောင်းစာ (Course books) တွေကို အကြာကြီး မဖတ်နိုင်ပါဘူး။ ဒါပေမယ့် မနေ့ကပဲ နက္ခတ္တဗေဒဆိုင်ရာ website တစ်ခုမှာ ထိုင်ရာက မထဘဲ၊ (၄) နာရီလောက် ဆက်တိုက် ဖတ်ဖြစ်ခဲ့တယ်။ ညနက်နေပြီလို့ ကျွန်မ မိသားစုဝင်တွေက ပြောနေတာတောင် ဆက်ဖတ် နေခဲ့ပါတယ်။ ကိုယ်ဝါသနာပါတဲ့ အရာဖြစ်နေတော့လည်း ဘယ်လောက်ဖတ်ဖတ် မငြီးငွေ့ပါဘူး။ အဲဒီလို ထပ်ခါထပ်ခါ ဖတ်နေရင်းနဲ့ပဲ၊ အထဲမှာပါတဲ့ အင်္ဂလိပ် စကားလုံးတွေနဲ့လည်း အလိုလို ရင်းနှီးကျွမ်းဝင် လာပြီး၊ ဘာသာစကား တစ်ခုကို အားစိုက်ထုတ်စရာ မလိုဘဲ စိတ်ဝင်တစားနဲ့ လေ့လာနေမိခဲ့တာပါပဲ။
ကျွန်မရဲ့ ကျောင်းသားတွေကို လေ့လာကြည့်တော့လည်း ဂီတကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေ ပြောဆို ရေးသားရင်၊ ဂီတနယ်ပယ်က စကားလုံးတွေကိုပဲ အများဆုံး အသုံးပြုကြတာကို တွေ့ရပြီး၊ ရုပ်ရှင်ကြည့်ရတာ ဝါသနာပါတဲ့ သူတွေကလည်း ရုပ်ရှင်ထဲက အသုံးအနှုန်းတွေကို အလွယ်တကူ မှတ်မိနေတတ်ကြပါတယ်။
သူတို့ ကြိုက်နှစ်သက်တဲ့ သရုပ်ဆောင်တွေရဲ့ အသံထွက် (Pronunciation) တွေကိုလည်း အတုယူထား တတ်ကြတယ်။ ဘာသာစကား တစ်ခုကို လေ့လာ ကျက်မှတ်နေတာ မဟုတ်ဘဲ၊ သူတို့ရဲ့ ဝါသနာက တဆင့် ဘာသာစကားကို ရယူမိနေခြင်းပဲ ဖြစ်ပါတယ်။
ဘာသာစကား လေ့လာရာမှာ အဓိကအားဖြင့် Cognitive domain, Affective domain နဲ့ Psychomotor domain ဆိုပြီး အဓိကနယ်ပယ် (၃) ခုရှိကြောင်း ပညာရှင်တွေက တွေ့ရှိထားပါတယ်။ Affective domain က လေ့လာသူရဲ့ စိတ်နှလုံး (emotions and feelings) ကို တိုက်ရိုက် ထိတွေ့စေပါတယ်။ Affective domain ရဲ့ အလုပ်လုပ်ပုံကို နေရာလေး ချပေးလိုက်ရင် ဘာသာစကား တစ်ခုကို "လေ့လာနေရတယ်၊ သင်ယူနေရတယ်" ဆိုတဲ့ စိတ်ဖိစီးမှုမျိုး မရှိတော့ပါဘူး။
မိမိ စိတ်ဝင်စားတဲ့ အကြောင်းအရာကို သိချင်စိတ်နဲ့ လေ့လာရင်း စကားလုံးတွေက မိမိနဲ့ တစ်သားတည်း ဖြစ်လာခြင်း ဖြစ်ပါတယ်။ ကျက်မှတ်စရာ မလိုဘဲ စိတ်ခံစားမှုကနေ တဆင့် သင်ယူခြင်းက ပိုမို ခိုင်မြဲစေပြီး၊ သင်ယူမှုအပေါ်မှာ အပြုသဘောဆောင်တဲ့ ခံစားချက်လည်း ရှိတော့၊ တိုးတက်မှုတွေက ပိုမြန် လာပါတယ်။
ဒါကြောင့် အင်္ဂလိပ်စာကို သီးသန့်ကြီး လေ့လာ မနေဘဲ၊ ကိုယ် ဝါသနာပါရာ လေးတွေကို လုပ်ရင်း လေ့လာကြဖို့ အကြံပြုချင်ပါတယ်။
အများစု စိတ်ဝင်စားနိုင်ပြီး၊ နယ်ပယ်အစုံ အတွက် အင်္ဂလိပ်လို ရေးသားထားတဲ့ စာအုပ်တွေ ရှိသလို၊ ရုပ်ရှင်နဲ့ သီချင်းတွေမှာလည်း ဘဝနဲ့ ပတ်သက်တာတွေ အများကြီး ပါနေပြီးသား ဖြစ်ပါတယ်။ အဲဒါတွေထဲက နှစ်သက်ရာကို လေ့လာ ဖတ်ရှု စိတ်အပန်းဖြေရင်း (General English) အတွက်လည်း လေ့လာပြီးသား ဖြစ်သွားမယ်။ ကိုယ်နှစ်သက်ရာ လေးတွေကနေ ရလာတဲ့ အမှတ်သညာတွေ ဖြစ်လို့ မေ့စရာ အကြောင်းလည်း မရှိတော့ပါဘူး။
ပညာရပ်နယ်ပယ် အသီးသီးကို ချိတ်ဆက် လေ့လာခြင်းက၊ တွေးခေါ်နိုင်စွမ်းကို များစွာ တိုးတက်စေပြီး၊ အင်္ဂလိပ်လို လေ့လာခြင်းအားဖြင့် "ကျွဲကူး ရေပါ" ဆိုသလိုပါပဲ။ ကိုယ် သတိမထားမိတဲ့ အချိန်ကာလလေး တစ်ခု အတွင်းမှာ၊ အင်္ဂလိပ်စာ စွမ်းရည်တွေ တိုးတက်လာမှာ ဖြစ်ကြောင်း အကြံပြုပါရစေ။
ပုံ
ဂျပန်မှာ လျှောက်လည်နေရင်း တောတောင်တွေထဲမှာ ဗေဒင်ဟောနေပုံ 😁😁😁
Contact: m.me/104429741848529
𝐓𝐫 Linda
𝐌𝐄𝐝 (𝐋𝐚 𝐓𝐫𝐨𝐛𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚)
𝐌𝐄𝐝 (𝐘𝐚𝐧𝐠𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧)
June 4, 2026 146