အာဆီယံမှာ မြန်မာ ပြန်ဝင်ဖို့ ဂျပန် ကူညီသင့်ဟု ဝန်ကြီးချုပ်ဟောင်း ပြော… — The Irrawaddy - Burmese — TG.ME

အာဆီယံမှာ မြန်မာ ပြန်ဝင်ဖို့ ဂျပန် ကူညီသင့်ဟု ဝန်ကြီးချုပ်ဟောင်း ပြော

ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၆
အာဆီယံထိပ်သီးအစည်းအဝေးများသို့ မြန်မာ ပြန်ပါဝင်လာနိုင်ရေး အာဆီယံ၏ ကြိုးပမ်းမှုများကို ဂျပန်နိုင်ငံအနေဖြင့် ကူညီသင့်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ဖုမိအို ကိရှိဒက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်တို့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံကို အာဆီယံအသိုက်အဝန်း၌ ပြန်လည်ပါဝင်လာရေး ကူညီမည်ဟု အန်နဝါ ပြောခဲ့အပြီး ဂျပန်ဝန်ကြီးချုပ်ဟောင်းကလည်း ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း Nikkei Asia သတင်းတွင် ဖော်ပြသည်။


မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းအတွင်း စိုးရိမ်မှုများနှင့် အမြင်ကွဲပြားမှုအမျိုးမျိုး ရှိနေသော်လည်း အာဆီယံ စည်းလုံးညီညွတ်မှုအတွက် ကြိုးပမ်းခြင်းသည် အရေးကြီးကြောင်း၊ ရှေ့လျှောက်လည်း ဂျပန်အနေဖြင့် မြန်မာနှင့် အာဆီယံတို့ ပြန်လည် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို စဉ်းစားသင့်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် မြန်မာ့အရေးသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုအတွက် ကာလရှည်ကြာ စိန်ခေါ်မှုတခုဖြစ်ခဲ့ကြောင်း၊ ဂျပန်နှင့် အာဆီယံအကြား ယုံကြည်မှုအပေါ် အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုသည် လက်ရှိကာလတွင် ပိုမိုအရေးပါလာသည်ဟု ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံက စစ်အုပ်စုကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ကန့်သတ်ထားခဲ့ပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း အာဏာသိမ်းအစိုးရ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သလို အာဏာသိမ်းလွှတ်တော်က ပယ်ချထားသည်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း ဖုမိအို ကိရှိဒသည် ၂၀၂၁ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးကို စတင်တာဝန် ယူခဲ့သူဖြစ်သလို ၂၀၂၃ ခုနှစ်က တိုကျိုမြို့တွင် ကျင်းပခဲ့သည့် ဂျပန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့် အထူးထိပ်သီးအစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့သူလည်း ဖြစ်သည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
👎53❤5👍3😁2😱1
October 14, 2026 3.3K