အာဏာသိမ်းအစိုးရ လူ့အခွင့်အရေးကော်မရှင် SEANF အဖွဲ့ဝင်မှ ထုတ်ပယ်
ဧရာဝတီ၊ အောက်တိုဘာ ၁၉၊ ၂၀၂၆
အာဏာသိမ်းအစိုးရ၏ လက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်သောကြောင့် လာမည့် ၂၀၂၇ ခုနှစ်တွင် တာဝန်ယူရမည့် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကိုလည်း ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း သိရသည်။
MNHRC ၏ အရည်အချင်း ပြည့်မီမှုကို ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်မှ စတင်၍ SEANF အုပ်ချုပ်ရေးအဖွဲ့ ပြန်လည် သုံးသပ်ခဲ့ပြီး ဖိုရမ်၏ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိတော့ကြောင်း ဆုံးဖြတ်ကာ ယခု အောက်တိုဘာ ၁ ရက်တွင် ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း မလေးရှားအခြေစိုက် Malay Mail သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ဆုံးဖြတ်ချက်ကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေ နိုင်ငံတို့မှ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ၅ ဦး၏ သဘောတူညီချက်ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်ပြီး MNHRC အနေဖြင့် ယခုနှစ်တွင် ကျင်းပမည့် ၂၃ ကြိမ်မြောက် SEANF နှစ်ပတ်လည် ညီလာခံ အပါအဝင် အခြား အစည်းအဝေးများသို့ တက်ရောက်ခွင့် ရတော့မည်မဟုတ်ကြောင်း သိရသည်။
SEANF ၏ စည်းမျဉ်းများအရ အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများသည် ကုလသမဂ္ဂ (UN) က သတ်မှတ်ပြဋ္ဌာန်းထားသည့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း ပါရီမူဝါဒများ (Paris Principles) နှင့်အညီ လွတ်လပ်စွာ ရပ်တည်နိုင်ပြီး လူ့အခွင့်အရေးကို မြှင့်တင်ရန်နှင့် ကာကွယ်ရန် ဥပဒေကြောင်းအရ အာဏာပိုင်စိုးမှု ရှိရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
ယခု ဆုံးဖြတ်ချက်ကို အာဏာသိမ်းအစိုးရ၏ MNHRC က ငြင်းဆိုခဲ့သော်လည်း ဖိုရမ်၏ အုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့ မေးခွန်းထုတ်ထားသည့်အချက်များကို လုံလောက်စွာ ပြန်လည်မရှင်းလင်းသဖြင့် ပယ်ချခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
သို့သော် MNHRC အနေဖြင့် နောက်ပိုင်းတွင် လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်နိုင်ကြောင်း ပြသနိုင်ပါက အဖွဲ့ဝင်အဖြစ် ပြန်လည် လျှောက်ထားနိုင်ကြောင်း ပြောကြားထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
38
24
2October 19, 2026 4.4K 6