ဒေါ်အောင်ဆန်းစုကြည်ထံ ချားလ်စ်ဘုရင် စာအုပ်များ ပေးပို့ ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

ဒေါ်အောင်ဆန်းစုကြည်ထံ ချားလ်စ်ဘုရင် စာအုပ်များ ပေးပို့

ဧရာဝတီ၊ အောက်တိုဘာ ၁၉၊ ၂၀၂၆

အာဏာသိမ်း အစိုးရက ဖမ်းဆီး ချုပ်နှောင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားလ်စ်ဘုရင်က စာအုပ် ၂ အုပ် ပေးပို့ခဲ့ရာ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများက သွားရောက် ပို့ဆောင်ခဲ့ကြောင်း သမ္မတရုံး ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးက ယနေ့ ထုတ်ပြန်သည်။

စာအုပ်များမှာ The Land Gardeners – Soil to Table နှင့် Soil: The World at Our Feet တို့ ဖြစ်ပြီး အိတ်ပိတ် စာအိတ် တအိတ်ကိုလည်း ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ စာအုပ်များမှာ သဘာဝပတ်ဝန်းကျင်နှင့် မပျက်စီးသော စိုက်ပျိုးရေးစနစ်များ၊ မြေဆီလွှာ ကျန်းမာရေးသဘာဝအတိုင်း အားကောင်းအောင် ဖန်တီးပုံ၊ ဓာတုဗေဒ ကင်းလွတ်သည့် သဘာဝမြေဩဇာပြုလုပ်ပုံများနှင့် မြေဆီလွှာမှတဆင့် အရည်အသွေးမြင့် သဘာဝအစားအစာများ အဆင့်ဆင့် ထုတ်လုပ်ပုံအကြောင် ကမ္ဘာ့ဂေဟစနစ်နှင့် လူသားတို့၏ သက်ရှိ ရပ်တည်မှုအတွက် မြေဆီလွှာအရေးပါပုံ၊ မြေဆီလွှာအတွင်းရှိ ဇီဝမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများကို အခြေခံကျကျ ဖော်ပြထားသည့် စာအုပ်များ ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၃ ရက်ကလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက် တွေ့ဆုံခဲ့ကြောင်း အာဏာသိမ်းအစိုးရက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သားဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက ဦးဆောင်၍ လှုပ်ရှားမှုများ ပြုလုပ်နေသလို မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့်ပေးရေးအတွက်လည်း တောင်းဆိုလျက် ရှိသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤40👍5😁1
October 19, 2026 2K 8