မြန်မာပြည်သူများ လက်မလျှော့သေးကြောင်း သတိပေးလိုက်ခြင်းဟု… — The Irrawaddy - Burmese — TG.ME

မြန်မာပြည်သူများ လက်မလျှော့သေးကြောင်း သတိပေးလိုက်ခြင်းဟု ပရာ့ဂ်မြို့ဆုပေးပွဲ၌ ကင်မ်အဲရစ် ပြော

ဧရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆

ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့အခြေစိုက် Forum 2000 ဖောင်ဒေးရှင်းမှ ချီးမြှင့်သည့် ရဲစွမ်းသတ္တိနှင့် တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆုရရှိခဲ့ကြသည့် ကိုတေဇာဆန်း၊ ကိုနန်းလင်းနှင့် ကိုထက်မြတ်အောင်၊ မြန်မာနိုင်ငံ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (GSCB) တို့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မြန်မာပြည်သူများ လက်မလျှော့သေး ကြောင်း အသိပေးလိုက်ခြင်းဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်အဲရစ် (ခ) ကိုထိန်လင်းက ပြောသည်။

ဆုကို ကိုယ်စားလက်ခံရန်တချို့သာ ပရာ့ဂ်မြို့သို့ ရောက်လာနိုင်ခဲ့သော်လည်း တချို့မှာ မြန်မာပြည်တွင်း၌ ဆက်လက် ရုန်းကန်နေရဆဲဖြစ်ကာ ဆုရရှိခဲ့သည့် ကိုထက်မြက်အောင်သည် အကျဉ်းထောင်အတွင်း ရှိနေဆဲဟု ထည့်သွင်း ပြောဆို သည်။

“ခင်ဗျားတို့ရဲ့ ရဲစွမ်းသတ္တိ၊ စွန့်လွှတ် အနစ်နာခံမှုနဲ့ မဆုတ်မနစ် ကြိုးပမ်းနေမှုတွေကို ကျနော် အလွန် လေးစားပါတယ်။ အမှောင်မိုက်ဆုံး အချိန်တွေမှာတောင် သာမန်ပြည်သူတွေက ထူးခြားတဲ့သတ္တိကို ပြသနိုင်တယ်ဆိုတာ ခင်ဗျားတို့က ကမ္ဘာကြီးကို သက်သေပြနေကြပါတယ်။ ဒီဆုဟာ ခင်ဗျားတို့ရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုတာတင် မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ လက်မလျှော့သေးဘူး ဆိုတာကိုလည်း ကမ္ဘာကြီးကို သတိပေးလိုက်တာပါ” ဟု ကင်အဲရစ်က လူမှုကွန်ရက်မှ တဆင့် ပြောကြားခဲ့သည်။

ထို့ပြင် Forum 2000 ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား တက်ရောက်ခွင့်ရခဲ့သည့်အတွက် ဂုဏ်ယူကြောင်း၊ ၎င်း၏ မိခင်နှင့်အတူ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

ကင်မ်အဲရစ်က “မြန်မာပြည်သူတွေကိုလည်း မျှော်လင့်ချက် မပျောက်ကြပါနဲ့လို့ ပြောချင်ပါတယ်။ ကျနော်တို့ ဖြတ်သန်းနေရတဲ့ ခရီးက ခက်ခဲပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ သတ္တိနဲ့ ဇွဲလုံ့လကြောင့် လွတ်လပ်ရေးအတွက် မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေပါတယ်” ဟုလည်း ဆိုသည်။

ရဲစွမ်းသတ္တိနှင့် တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆုသည် ချက်သမ္မတနိုင်ငံ၏ သမ္မတဟောင်းနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ဗာကလဗ် ဟာဗဲလ် (Václav Havel) ကို ဂုဏ်ပြုသည့်အနေဖြင့် Forum 2000 က တည်ထောင်ပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကာကွယ်ရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး တို့ရဲဝံ့စွာပါဝင်ဆောင်ရွက်နေကြသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ချီးမြှင့်သည့် ဆု ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤69👍6😁6👎1
October 13, 2026 1.9K 1