တိုင်းရင်းသားတွေ အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံ ရှာဖွေကြဖို့… — The Irrawaddy - Burmese — TG.ME

တိုင်းရင်းသားတွေ အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံ ရှာဖွေကြဖို့ တရုတ် ပြော

ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆

တိုင်းရင်းသားလူနည်စုများအတွက် အဆင့်မြင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပုံစံများရှာဖွေကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြု အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၁ နှစ်ပြည့် အခမ်းအနားတွင် ပြောသည်။

မြန်မာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် တရုတ်က တိုင်းရင်းသားလက်နက်ကိုင်များကြား ပစ်ခတ်မှုရပ်စဲရေးသဘောတူညီချက်များရရှိရန်ကူညီပေးခဲ့သဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေများ ပြေလည်စေပြီး တည်ငြိမ်မှုရရှိစေခဲ့ကြောင်းလည်း ဆိုသည်။

စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်ရပ်ရေးဆွေးနွေးပွဲများ လက်ခံကျင်းပပေးနေသည့် တရုတ်က အာဏာသိမ်းစစ်တပ် နယ်မြေအများအပြားဆုံးရှုံးစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအပြီး နယ်မြေတိုးမြှင့်သိမ်းပိုက်နိုင်ခဲ့သော လက်နက်ကိုင်တပ်ဖွဲ့များက ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေ တိုးမြှင့်အသိအမှတ်ပြုရေး ပြောဆိုနေကြချိန်တွင် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ရေး ပုံစံသစ်ကို စဉ်းစားရန် ထုတ်ပြောလာခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် တရားမျှတသောရပ်တည်ချက်အား ဆက်လက်ထိန်းသိမ်းမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဆန္ဒမျှော်လင့်ချက်များနှင့်အညီ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်သော ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် အပစ်ရပ်သဘောတူညီချက်များအား အကောင်အထည်ဖော်ရန်၊ ဆွေးနွေးပွဲများမှတဆင့် သင့်တော်သောအဖြေရှာဖွေရန် မျှော်လင့်ပြီး တရုတ်နိုင်ငံအနေဖြင့်လည်း အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန်အသင့်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီချက်များအား အကောင်အထည်ဖော်ရန်၊ လုံခြုံဘေးကင်းရေးအာမခံချက်ဖြင့် စီးပွားရေးစင်္ကြံအောက်ရှိ အဓိကစီမံကိန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ အရည်အသွေးမြင့် ရပ်ဝန်းနှင့်လမ်းကြောင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ တရုတ်-မြန်မာ အနာဂတ်အသိုက်အဝန်း တည်ဆောက်ရေးကြိုးပမ်းမှုများ နက်ရှိုင်းစေရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရန် မြန်မာနိုင်ငံနှင့်အတူပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ၎င်းက ပြောသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁34❤8👍7👎6🤔3
October 16, 2026 3.7K 6