သေနတ်ဖြင့် ပစ်ခတ်ကွပ်မျက်မှုကို တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်အပေါ် အမေရိကန် သဘောထားကွဲ
ဧရာဝတီ၊ အောက်တိုဘာ ၁၁၊ ၂၀၂၆။
၂၀၀၉ ခုနှစ်က ဖော့တ်ဟူးဒ် (Fort Hood) စစ်စခန်း၌ လူ ၁၃ ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် နိဒါးလ် မာလစ် ဟာဆန် (Nidal Malik Hasan) ကို သေနတ်ဖြင့် ပစ်ခတ်ကွပ်မျက်မည့် ဖြစ်စဉ်အား တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်အပေါ် ကန့်ကွက်ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ယင်းထုတ်လွှင့်မှု ပြု-မပြုကို ၎င်းအနေဖြင့် အပြီးသတ် ဆုံးဖြတ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) ၏ အဆိုပါ တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်အပေါ် ဒီမိုကရက်နှင့် ရီပက်ဘလစ်ကန် နှစ်ပါတီစလုံးမှ နိုင်ငံရေးသမားများ ကန့်ကွက်ခဲ့ကြပြီး ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (J.D. Vance) ကလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့လျှင်ပင် ကြည့်ရှုမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
သမ္မတ ထရမ့်က တရားခံ ဟာဆန်သည် ရက်စက်သည့် လူသတ်သမားဖြစ်၍ သေဒဏ်ပေးရန် ထိုက်တန်သော်လည်း ယခုကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်ခြင်းသည် နောက်ထပ် ပြစ်မှုမကျူးလွန်အောင် ဟန့်တားရာရောက်နိုင်သကဲ့သို့ အများပြည်သူသို့ ထုတ်မပြသင့်သည့် အယူအဆလည်း ရှိနေသဖြင့် အပြီးသတ် ဆုံးဖြတ်ချက်ကို သေချာစွာ ချမှတ်သွားမည်ဟု ဆိုသည်။
အဆိုပါ ကွပ်မျက်မှုကို တိုက်ရိုက်ထုတ်လွှင့်ရန် စီစဉ်နေသည့် သတင်းနှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) က သေဒဏ်စနစ်သည် "လက်ခံနိုင်ဖွယ်မရှိကြောင်း" ကမ္ဘာ့သေဒဏ်ဆန့်ကျင်ရေးနေ့တွင် မိန့်ကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက သေဒဏ်ပေးခြင်း မရှိဘဲ တရားဥပဒေစိုးမိုးရေးနှင့် စနစ်တကျ ထိန်းသိမ်းခြင်းကို ဆောင်ရွက်နိုင်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအတွက်လည်း ပြုပြင်ပြောင်းလဲခွင့် ရှိသင့်ကြောင်း အလေးပေး ထုတ်ပြန်ခဲ့သည်။
အလားတူ ဗာတီကန် နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီယေထရို ပါရိုလင် (Cardinal Pietro Parolin) ကလည်း သေဒဏ်ပေးမှုကို ဖျော်ဖြေပွဲသဖွယ် ပြုလုပ်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိဘဲ နားမလည်နိုင်စရာ လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့သည့်အပြင် အမေရိကန် ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကလည်း အဆိုပါ အစီအစဉ်သည် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြသည်။
ကိုးကား။ ။ The Hill နှင့် NBC သတင်းများ
ပုံစာ - နိဒါးလ် မာလစ် ဟာဆန်ကို သေနတ်ဖြင့် ပစ်ခတ်ကွပ်မျက်မည့် ဖြစ်စဉ်အား တိုက်ရိုက်ထုတ်လွှင့်ရန် စီစဉ်နေ
44
11
4
1
1October 11, 2026 3.8K 2