မြန်အောင် မမြဆည်တာတမံ မြေသားပြိုကျနေ၍ ၁၃ ရွာ ထပ်မံပြောင်းရွှေ့ရ…

မြန်အောင် မမြဆည်တာတမံ မြေသားပြိုကျနေ၍ ၁၃ ရွာ ထပ်မံပြောင်းရွှေ့ရ

ဧရာဝတီ၊ အောက်တိုဘာ ၁၁၊ ၂၀၂၆

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်အတွင်းရှိ မမြဆည် မြေသားပြိုကျ နိမ့်ဆင်းမှုများကို တမံ၏ အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများအသုံးပြု တူးဖော်ရေလွှတ်ပေးနေသော်လည်း ယနေ့တွင် ၅ ပေခန့် ထပ်မံ အိကျသွားသဖြင့် ကျိုးပေါက်နိုင်သည့် အန္တရာယ်နှင့် နီးကပ်နေကြောင်း ကူညီရေး လုပ်ဆောင်နေသူများနှင့် ဒေသခံများက ပြောသည်။

ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတဦးက “အခု ကျိုးတာတော့ မကျိုးသေးဘူး။ ဒါပေမယ့် မနေ့က ပျော့သွားတဲ့နေရာကတော့ နောက်ထပ် ၅ ပေလောက် ထပ်အိကျသွားပြီး ရေပြင်နဲ့ ထိသွားပြီးတော့ ရေစိမ့်နေပြီ။ ရေစိမ့်နေပြီဖြစ်တဲ့အတွက် တာဘောင် မကျိုးကျနိုင်အောင် မမြချောင်းနဲ့ သရက်ချောင်းထဲကို ရေတွေခွဲပြီး လွှတ်နေတယ်” ဟု ညနေ ၅ နာရီခန့်တွင် ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က မမြဆည် တာတမံ အလျား ပေ ၂၀၀ ခန့်၊ အကျယ် ၂၅ ပေခန့်၊ အမြင့် ၁၀ ပေခန့် တမံဆင်ခြေလျော လျှောကျမှု ဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့ ညပိုင်းတွင် ထပ်မံ နိမ့်ကျမှုဖြစ်ပွားသောကြောင့် မရွေးကုန်းနှင့် လက်ပံကွင်းကျေးရွာအုပ်စုရှိ ရွာ ၁၃ ရွာ ယနေ့ အရေးပေါ် ထပ်မံ ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတဦးက “မနေ့မနက်မှာ ဆည်အောက်က အနီးကပ်ရွာတွေကို ပြောင်းဖို့လိုက်ကြေညာပြီး ညကလည်း ကျန်တဲ့ ရွာတွေကိုထပ်ရွှေ့ဖို့ လိုက်ပြောတယ်။ အခု တာကျိုးမယ့် အန္တရာယ်နဲ့ အတော်နီးနေတော့ ဆည်အောက်မှာ ရှိတဲ့ ၇ ရွာ၊ ၈ ရွာလောက်ကို လုံးဝ အဝင်မခံတော့ဘူး” ဟု ပြောသည်။

ဆည်ရေ ဝင်ရောက်နိုင်သည့် စမ်းရွာကြီး၊ ဥယျာဉ်ကွင်း၊ မရွေးကုန်း၊ ရွာသစ်ကုန်း၊ ငါးဘတ်ကျ၊ ရေနံချက်ဖို ကုန်း အစရှိသော ကျေးရွာအုပ်စုများမှ ဒေသခံများအား ရေလွတ်ရာကုန်းမြင့်ဒေသများသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ပေးနေကြောင်း အာဏာသိမ်းအစိုးရ၏ ဧရာဝတီတိုင်းအစိုးရအဖွဲ့က မနေ့တွင် ထုတ်ပြန်ထားသည်။

သို့သော် မမြဆည် ကျိုးပေါက်နိုင်သည့် အန္တရာယ်နှင့်နီးကပ်နေပြီဖြစ်ကြောင်း ကူညီရေး လုပ်ဆောင်နေသူများနှင့် ဒေသခံများက ပြောဆိုနေကြသော်လည်း ဧရာဝတီတိုင်းအစိုးရအဖွဲ့က ညနေ ၅ နာရီခွဲကျော် အချိန်အထိ တာတမံ အခြေအနေကို အချိန်နှင့်တပြေးညီ ထုတ်ပြန် အသိပေးလာခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းကလည်း လေးမျက်နှာမြို့ရှိ ငဝန်တာ အနည်းငယ်ရေစိမ့်နေမှုကို ဒေသခံ ပြည်သူများ နှင့် လူမှုရေးအဖွဲ့များက အချိန်မီ သတိပေးမှုများ ရှိခဲ့သော်လည်း အရေးပေါ် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် လေးမျက်နှာအပါအဝင် ဧရာဝတီ တိုင်း ၆ မြို့နယ်ရှိ ပြည်သူသိန်းချီ ရေကြီး၊ ရေလွှမ်းမိုးမှု ဒဏ်ကို ရက် ၄၀ ကျော် ခံစားခဲ့ရပြီး လက်ရှိအချိန်အထိ ရေဘေးနောက်ဆက်တွဲ ပြဿနာများ ကြုံတွေ့နေကြရဆဲ ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😱30👍6❤3
October 11, 2026 4.6K 5