မင်းအောင်လှိုင်ကို တရားဝင်မှုမပေးဖို့ မလေးရှားအား APHR တောင်းဆို
ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆
မလေးရှားအစိုးရအနေဖြင့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်းအား တရားဝင်မှုမပေးရန်နှင့် မြန်မာဒုက္ခသည်များ၏ လုံခြုံရေးကို မစတေးရန် အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့(APHR)က ကြေညာချက်ထုတ်ပြန်သည်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်သည် ယနေ့ မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခြင်းသည် စစ်အုပ်စု၏ပြည်သူများအပေါ် အကြမ်းဖက်ကျူးလွန်မှုများအား မလေးရှားအနေဖြင့်လက်ခံနိုင်သည်ဟု ဒေသတွင်းသတင်းစကား သက်ရောက်စေကြောင်း APHR က ဆိုသည်။
နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေသော အာဏာသိမ်းသမ္မတအား ဒေသတွင်း၌ စစ်အုပ်စုအပေါ် ပြင်းထန်စွာဝေဖန်ပြောဆိုလေ့ရှိသည့် မလေးရှားနိုင်ငံက တရားဝင်လက်ခံကြိုဆိုခြင်းသည် စစ်အုပ်စုအတွက် အောင်မြင်မှုတခုဖြစ်လာမည်ဟု ၎င်းတို့က သတိပေးထားသည်။
ယခုခရီးစဉ်သည် မလေးရှားရှိ မြန်မာဒုက္ခသည်များပြန်လည်ပို့ဆောင်ရေးနှင့်ပတ်သက်နေပြီး မကြာသေးမီကလည်း မြန်မာဒုက္ခသည် ၁၄၇၆ ဦးအား စစ်အုပ်စုထံ လွှဲပြောင်းခဲ့သည့်အပြင် ထပ်မံ၍ ၃၅၂၄ ဦး လွှဲပြောင်းပေးရန် မလေးရှားအစိုးရက စီစဉ်လျက်ရှိသည်။
မလေးရှား၏ မြန်မာဒုက္ခသည်များပြန်ပို့သည့်အပေါ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ပါဝင်ပတ်သက်မှုမရှိကြောင်းနှင့် မြန်မာနိုင်ငံ၏အခြေအနေမှာ ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် အဆင်မပြေကြောင်း ပြောထားသည်။
မလေးရှားအစိုးရအနေဖြင့် စစ်အုပ်စုအားတရားဝင်အစိုးရအဖြစ် သတ်မှတ်စေမည့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်း၊ ပူးတွဲကြေညာချက်များထုတ်ပြန်ခြင်းမပြုရန်နှင့် မင်းအောင်လှိုင်အား နောက်ထပ် ဖိတ်ကြားမှုများ မပြုလုပ်ရန်၊ မြန်မာနိုင်ငံ အမှန်တကယ် ဘေးကင်းလုံခြုံမှုရှိသည့် အခြေအနေမျိုးမရောက်ရှိမီအထိ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်များ ရပ်ဆိုင်းထားရန် APHR က တောင်းဆိုထားသည်။
ပုံစာ-၂၀၂၅ အောက်တိုဘာ ၁၀ ရက်က မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် နေပြည်တော်သို့ လာရောက်စဉ်
#WhatsHappeningInMyanmar
#RejectMilitaryCoup
40
11
4
1October 6, 2026 4.1K 5