တရုတ် BYD ကုမ္ပဏီ ချဲ့ထွင်ရေးမှာ ပထဝီ နိုင်ငံရေးက အကြီးဆုံး စိန်ခေါ်မှု ဖြစ်နေလို့ ဆို
ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆
တရုတ် လျှပ်စစ်ကား (EV) ကုမ္ပဏီ BYD ကို ချဲ့ထွင်ဖို့ အတွက် နံပါတ် ၁ စိန်ခေါ်မှုက ပထဝီ နိုင်ငံရေး ဖြစ်တယ်လို့ ကုမ္ပဏီ အမှုဆောင် ဒု ဥက္ကဌ Stella Li က ပြောဆိုလိုက်ပါတယ်။
BYD ကုမ္ပဏီ ဥက္ကဌ က ၅ နှစ်အတွင်း ကမာ္ဘ့အကြီးဆုံး ကားထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်လာဖို့ ရည်မှန်းထားကြောင်း ပြောဆိုပြီး လအနည်းငယ် အကြာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ အထက်ပါအတိုင်း ပြောဆိုမှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
“လုပ်ငန်းလုပ်တဲ့အခါ တခုခု လုပ်ချင်တယ် ဆိုရင် သေချာမှုရှိမယ်၊ ထိန်းချုပ်နိုင်တဲ့ မြင်သာမှု ရှိမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပထဝီ နိုင်ငံရေးမှာတော့ ဘယ်ရှုထောင့်ကနေ ကြည့်ရမလဲ ဆိုတာ ဘယ်တော့မှ မသိနိုင်သလို ဘာလုပ်နေကြလဲ ဆိုတာလည်း မသိနိုင်ပါဘူး။” လို့ Stella Li က စင်္ကာပူမှာ ပြုလုပ်တဲ့ Milken Institute အာရှ အစည်းအဝေး မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
BYD အနေနဲ့ အမေရိကန်မှာ ကာလကြာရှည် တည်ရှိခဲ့ပြီး ဖြစ်ပေမယ့် ရှုပ်ထွေးမှုတွေကြောင့် ခရီးသည်တင် ကားတွေ မရောင်းချဖို့ ဆုံးဖြတ်ထားကြောင်းလည်း Stella Li က ဆိုပါတယ်။
ရှင်းလင်းမှု၊ ပွင့်လင်းမြင်သာမှုနဲ့ တည်ငြိမ်မှုတွေ မရှိတာကြောင့် အခုချိန်မှာ အမေရိကန်ကို ခရီးသည် တင်နိုင်တဲ့ ကားတွေ မပို့ဘဲ ခဏရပ်ထားဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
BYD ဟာ ကားထုတ်လုပ်ရေးမှာတင် မဟုတ်ဘဲ သိုလှောင်နိုင်စွမ်းနဲ့ ဆိုလာပြားတွေ လိုမျိုး နယ်ပယ်များစွာမှာ ဦးဆောင် နိုင်နေခြင်းကြောင့် တခြား တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့ အစီအစဉ်မရှိဘူး လို့လည်း Stella Li က ပြောပါတယ်။
တရုတ်မှာ ဝန်ထမ်းတွေ လုံလောက်အောင် ခေါ်ယူဖို့ ခက်ခဲလာနေပြီး ကုမ္ပဏီအနေနဲ့ အနာဂတ်မှာ လုပ်ငန်းသုံး စက်ရုပ် တွေကို အသုံးပြုနိုင်ဖို့လည်း မျှော်လင့်ကြောင်း ပြောဆိုပါတယ်။
ဟောင်ကောင် စတော့ အိတ်ချိန်းမှာ BYD ရဲ့ ရှယ်ယာတွေက အမေရိကန် ကုမ္ပဏီတွေနဲ့ ယှဉ်ရင် တန်ဖိုး အလွန်နှိမ့်ချ ခံထားရကြောင်းနဲ့ BYD ဟာ ကားကုမ္ပဏီတခု သက်သက် မဟုတ်ဘဲ စက်မှုနည်းပညာ ကုမ္ပဏီ ဖြစ်တယ်လို့လည်း Stella Li က ပြောပါတယ်။
Li က Nvidia ဟာ BYD အတွက် အရေးပါတဲ့ Chips Partner အဖြစ် ဆက်ရှိနေကြောင်းလည်း ပြောကြားသွားပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/10/416958.html
Ref : Reuters

ဧရာဝတီ
တရုတ် BYD ကုမ္ပဏီ ချဲ့ထွင်ရေးမှာ ပထဝီ နိုင်ငံရေးက အကြီးဆုံး စိန်ခေါ်မှု ဖြစ်နေလို့ ဆို
BYD အနေနဲ့ အမေရိကန်မှာ ကာလကြာရှည် တည်ရှိခဲ့ပြီး ဖြစ်ပေမယ့် ရှုပ်ထွေးမှုတွေကြောင့် ခရီးသည်တင် ကားတွေ မရောင်းချဖို့ ဆုံးဖြတ်ထား…
40
15
6
2October 10, 2026 5K 2