ပြည်ထဲရေးဝန်ကြီးကို အာဏာဖြင့် ခန့်ပြီးမှ လွှတ်တော်ထံက အတည်ပြုချက်ယူ… — The Irrawaddy - Burmese — TG.ME

ပြည်ထဲရေးဝန်ကြီးကို အာဏာဖြင့် ခန့်ပြီးမှ လွှတ်တော်ထံက အတည်ပြုချက်ယူ

ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ၎င်းဖန်တီးထားသည့် လွှတ်တော်ကို ကျော်၍ အတည်ပြုချက်မယူဘဲ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုကာ ပြည်ထဲရေးဝန်ကြီးအစားထိုးမှုအပေါ် အများက ဝေဖန်လာချိန် ယမန်နေ့ကမှ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အတည်ပြုပေးရန် အာဏာသိမ်းအစိုးရဘက်မှ တင်သွင်းခဲ့သည်ကို တွေ့ရသည်။

စက်တင်ဘာ ၁၇ရက်က ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို မူလစစ်ဘက်တာဝန် ပြန်ထမ်းဆောင် စေကာ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဆိုပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲ ရေးမှူး ဗိုလ်ချုပ်ကြီး ကိုကိုဦးအား အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်ရပ်အပေါ် အာဏာသိမ်း သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီက ပြည်ထဲရေးဝန်ကြီးသည် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အဓိကတာဝန်ယူရပြီး အများပြည်သူ အေးချမ်း သာယာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် လတ်တလော လိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်ရပ်နားထားချိန်တွင် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ဖြင့် ထုတ်ပြန်ခန့်အပ်ခဲ့ရခြင်းဖြစ်သည်ဟု အကြောင်းပြသည်။

၎င်းတို့ လက်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၃၂ ပုဒ်မခွဲများတွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးခန့်အပ်ရန် ကာကွယ်ရေးဦးစီးချုပ်ထံမှ အမည်စာရင်း ရယူရမည်ဖြစ်သည့်အပြင် သမ္မတအနေဖြင့် ပြည်ထောင်စုဝန်ကြီး ခန့်အပ်တိုင်း ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရမည်ဟု ပြဋ္ဌာန်းထားသည်။

အာဏာသိမ်းသမ္မတအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ထံမှအမည်စာရင်း ရယူခဲ့ခြင်းရှိ မရှိနှင့် ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားခဲ့ခြင်းရှိ မရှိကိုမူ ဦးခင်မောင်ရီက လွှတ်တော်တွင် ရှင်းလင်းခဲ့ခြင်း မရှိပေ။

အခြေခံဥပဒေပုဒ်မ-၂၁၂(ခ)အရ ပြည်ထောင်စုလွှတ်တော်ရပ်နားထားချိန် နိုင်ငံဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကိစ္စရပ်မှအပ ချက်ချင်းဆောင်ရွက်ရန်လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့် ထုတ်ပြန်ခွင့်အား ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် ပြည်ထောင်စုလွှတ်တော်ကျင်းပရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် ဝန်ကြီးအစားထိုးခန့်အပ်ခြင်း၊ ဝန်ကြီးဌာန အမည်ပြောင်းခြင်းများအား အာဏာသိမ်းသမ္မတအမိန့်ဖြင့်သာ လုပ်ဆောင်ခဲ့မှုအပေါ် လူထုအကြား ဝေဖန်မှုများ ရှိခဲ့သည်။

ထိုပြည်ထဲရေးဝန်ကြီးအစားထိုးခန့်မှုအား အတည်ပြုရန်(သို့မဟုတ်) ကန့်ကွက်အဆိုတင်သွင်းရန် အစီအစဉ်အား အောက်တိုဘာ ၆ ရက်လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်မည်ဖြစ်ပြီး ကန့်ကွက်လိုသူရှိပါက အရည်အချင်း မပြည့်ကြောင်း သက်သေ အထင်အရှားပြ၍ အောက်တိုဘာ ၁ ရက်ညနေ နောက်ဆုံးထားကာ လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြနိုင်ကြောင်း ကြေညာထားသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/30/416682.html
ဧရာဝတီ
ပြည်ထဲရေးဝန်ကြီးကို အာဏာဖြင့် ခန့်ပြီးမှ လွှတ်တော်ထံက အတည်ပြုချက်ယူ
အာဏာသိမ်း သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီက ပြည်ထဲရေးဝန်ကြီးသည် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အဓိကတာဝန်ယူရပြီး အများပြည်သူ အေးချမ်း သာယာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် လတ်တလော လိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်ရပ်နားထားချိန်တွင် ဥ…
😁61❤13👎4🤔1
September 30, 2026 3.8K 4