ကင်ဂျုံအန်းသည် ‘အလွန်အမင်း ဝလွန်းသူ’ ဟု တောင်ကိုရီးယား ထောက်လှမ်းရေး ပြော
ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆။
မြောက်ကိုရီးယားခေါင်းဆောင်သည် “အလွန်အမင်း ဝလွန်းသူ” ဟု ကင်ဂျုံအန်း၏ ကျန်းမာရေးဆိုင်ရာ နောက်ဆုံးသုံးသပ်ချက်ကို ကိုးကား၍ ဆိုးလ်ထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့သည်။
ဆေးလိပ်အသောက်လွန်ပြီး ကာလရှည်ကြာ ဝလွန်းသူဖြစ်သည့် ကင်၏ ကျန်းမာရေးကို တောင်ကိုရီးယား ထောက်လှမ်းရေးက အနီးကပ်စောင့်ကြည့်လျက်ရှိသည်၊ အကြောင်းမှာ သူ၏ ရုတ်တရက်ကွယ်လွန်မှုသည် နျူကလီးယားလက်နက် ဆက်ခံရေးနှင့် တည်ငြိမ်ရေးတို့အပေါ် မေးခွန်းများ မြှင့်တက်လာစေနိုင်သောကြောင့်ဖြစ်သည်။
ကင်၏ “ကျန်းမာရေးအခြေအနေကို အလေးချိန် ၁၄၀ ကီလိုဂရမ်ကျော်ရှိပြီး အလွန်အမင်း ဝလွန်းသူအဖြစ် သတ်မှတ်ထားသည်” ဟု လွှတ်တော်အမတ် ယွန်းဂွန်းယောင်း က ဆိုးလ်ထောက်လှမ်းရေးအေဂျင်စီကို ကိုးကား၍ ပြောကြားခဲ့သည်။
သူသည် “နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မား” သော်လည်း၊ လှေကားထစ်များပေါ်သို့ ပြေးတက်ခြင်းအပါအဝင် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများတွင် အခက်အခဲ မရှိကြောင်း ယွန်းက ဆက်လက်ပြောကြားခဲ့သည်။
“ သီးသန့်ဆေးအဖွဲ့၏ အနီးကပ်စောင့်ကြည့်မှုကြောင့် ကျန်းမာရေးပြဿနာ လက္ခဏာများ မတွေ့ရကြောင်း သုံးသပ်ရပါသည်” ဟု ၎င်းက ဆိုသည်။
၂၀၂၀ ပြည့်နှစ်တွင် ကင်သည် သူ၏ ကွယ်လွန်သူ အဘိုးဖြစ်သူ၏ မွေးနေ့ အထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး ရက်ပေါင်း ၂၀ ခန့် ပြည်သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့စဉ် သူ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့ရာ ခွဲစိတ်ကုသမှုအပြီးတွင် သူ ပြင်းထန်စွာ မကျန်းမမာဖြစ်နေသည်ဟူသော သတင်းအမှားများကို မီးထိုးပေးခဲ့သည်။
ကင်၏ ဖခင် ကင်ဂျုံအီးလ်နှင့် အဘိုးဖြစ်သူ ကင်အီးလ်ဆောင်းတို့သည်လည်း ဝလွန်းသူများနှင့် ဆေးလိပ်အသောက်လွန်သူများ ဖြစ်ကြသည်။ နှစ်ဦးစလုံးသည် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြသည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားသည် ယင်းလက်နက်အစီအစဉ်များကြောင့် အရေးယူပိတ်ဆို့မှု မြောက်မြားစွာခံထားရပြီး ကျဆုံးလုနီးပါး ဖြစ်နေသည့် နိုင်ငံပိုင်စီးပွားရေးနှင့် နာတာရှည် စားနပ်ရိက္ခာ ပြတ်လပ်မှုတို့နှင့် ရင်ဆိုင်နေရသည်။
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ အယ်လိဇဘက် ဆားမွန် (Elizabeth Salmon) က စားနပ်ရိက္ခာ ပြတ်လပ်မှုသည် နိုင်ငံ၏ အဓိက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာဖြစ်ကြောင်း ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။
သို့သော် ၂၀၁၉ ခုနှစ် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးအတွင်း ကင်၏ ကိုယ်ပိုင်စားဖိုမှူးများနှင့် အတူလုပ်ကိုင်ခဲ့ဖူးသည့် ဟနွိုင်း Metropole ဟိုတယ်မှ စားဖိုမှူးချုပ် ပေါလ် စမတ် (Paul Smart) က မြောက်ကိုရီးယားခေါင်းဆောင်သည် ရှားပါးအသားနှင့် အဖိုးတန် ဇိမ်ခံအစားအစာများကို နှစ်သက်သူဖြစ်ကြောင်း ထိုစဉ်က ပြောကြားခဲ့သည်။
“သူက ငါးဥနက် (Caviar)၊ ကျောက်ပုဇွန် (Lobster) စတဲ့ တကယ်ကို ဇိမ်ခံပစ္စည်းတွေကို ကြိုက်ပါတယ်။ ဖွာဂရာ (Foie gras - ငန်းအသည်း) လိုမျိုး အစားအသောက်တွေကို တကယ် လွန်လွန်ကဲကဲ နှစ်သက်ပါတယ်” ဟု ဆိုသည်။
ကိုးကား။ ။ The Japan Times သတင်း North Korean leader ‘extremely obese,’ Seoul spy agency says
29
15
5October 3, 2026 269