ထောက်ပို့ ပြည်သူထံမှ အချက်အလက် မတောင်းခံဟု PRF တုံ့ပြန်
ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို အဓိက ပံ့ပိုးပေးနေသည့် People's Revolution Supply Family (PRF) အစီအစဉ်မှတဆင့် PRF အဖွဲ့ဝင် ၂၇၀၀ ကျော်၏ အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ၂၁ ဦး ဖမ်းဆီးရမိသည်ဟု အာဏာသိမ်းအစိုးရ ထုတ်ပြန်ချက်သည် လိမ်လည်စွပ်စွဲမှုဖြစ်ပြီး ထောက်ပို့ ပြည်သူများထံမှ အချက်အလက်တောင်းခံမှု မရှိခဲ့ကြောင်း PRF က ယမန်နေ့ညတွင် ထုတ်ပြန်သည်။
PRF အနေဖြင့် အဆိုပါထုတ်ပြန်ချက်ကို အပြည့်အဝ စိစစ်ပြီးဖြစ်ရာ ၎င်းသည် အမှန်တရားနှင့် လုံးဝ ကိုက်ညီမှုမရှိသော လိမ်လည်စွပ်စွဲချက်သာဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် PRF စတင်တည်ထောင်ချိန်မှစ၍ ထောက်ပို့တော်လှန်ပြည်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ စသည့် ကိုယ်ရေးအချက်အလက်များကို တစုံတရာ ကောက်ခံခြင်း၊ သိမ်းဆည်းထားခြင်း မရှိသော မူဝါဒကို တင်းကျပ်စွာ ကျင့်သုံးလာခဲ့ပြီး အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ရန် အမည်လွှဲတခုနှင့် Email လိပ်စာတခုသာ လိုအပ်သဖြင့် PRF ၏ စနစ်မှတဆင့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် မဖြစ်နိုင်ကြောင်းလည်း ပြောသည်။
ထို့ကြောင့် အဖွဲ့ဝင် ၂၇၀၀ ကျော် အချက်အလက်များ ရရှိထားသည်ဟူသော စွပ်စွဲချက်သည် အခြေအမြစ်မရှိသလို စစ်အုပ်စု ဖော်ပြထားသော ဖမ်းဆီးမှုများသည် ယခင်လများအတွင်း Wave Money Agent တဦး၏ စာရင်းများနှင့် အခြားကိစ္စများကို အကြောင်းပြု၍ ဖမ်းဆီးခံရသူများ ဖုန်းမှ ရရှိသည့် အချက်အလက်များကို စုစည်းကာ PRF နှင့် ဆက်စပ် ချဲ့ကားထုတ်ပြန်ခြင်းသာ ဖြစ်သည်ဟု PRF က ထုတ်ပြန်ထားသည်။
အဆိုပါ စွပ်စွဲချက်၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများကို ခြိမ်းခြောက်၍ PRF အပေါ် ယုံကြည်မှု ပျက်ပြားစေရန်နှင့် တော်လှန်ရေး၏ ဝင်ငွေရလမ်းကြောင်းများ ဖြတ်တောက်ရန်ဖြစ်ကြောင်း ထင်ရှားပြီး လက်ရှိထိန်းသိမ်းခံထားရသူများအား ပြစ်မှု ထပ်တိုးအမှုဆင်ရန် ကြိုးပမ်းမှု ဖြစ်ကြောင်း၊ ပြည်သူများ၏ ငွေကြေးအချက်အလက်များကို စစ်တပ်ထံ ပေးအပ်ပူးပေါင်းနေသော Wave Money နှင့် မိခင်အဖွဲ့အစည်း ရိုးမဘဏ်ကိုလည်း အကြမ်းဖက်မှု အားပေးကူညီသည့် အဖွဲ့အစည်းများအဖြစ် ပြင်းထန်စွာ ရှုတ်ချသည်ဟု PRF က ဆိုထားသည်။
အာဏာသိမ်းအစိုးရ၏ စက်တင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်တွင် PRF Website သို့ WavePay၊ NUG Pay နှင့် SDB Bank တို့မှ ငွေကြေးထောက်ပံ့သူ စုစုပေါင်း ၂,၇၀၀ ကျော်၏ အချက်အလက်များကို ဖော်ထုတ်ရရှိခဲ့ပြီး ယင်းတို့အနက် PRF သို့ ငွေကြေးထောက်ပံ့ပေးပို့သည်ဟုဆိုကာ ၂၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ-NUG-MOD
#WhatsHappeningInMyanmar
#RejectMilitaryCoup
40
13
4
2September 30, 2026 3.2K