မင်းအောင်လှိုင် မလေးရှား သွားမည်
ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများမှ မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့နေစဉ် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က မလေးရှားနိုင်ငံသို့ အောက်တိုဘာ ၉ ရက်တွင် လာရောက်ရန်ရှိသည်ဟု Bernama သတင်းဌာန၌ ဖော်ပြသည်။
အာဆီယံထိပ်သီးအစည်းအဝေးများမှ ဖယ်ကြဉ်ခံထားရသည့် မင်းအောင်လှိုင်အတွက် မလေးရှားနိုင်ငံသည် အာဆီယံဒေသအတွင်း စတုတ္ထမြောက်ဖိတ်ခေါ်သော နိုင်ငံ ဖြစ်လာသည်။
မြန်မာဒုက္ခသည်များနှင့်ပတ်သက်ပြီး မလေးရှားပြည်သူများ၏ လုံခြုံရေးနှင့်အကျိုးစီးပွားအား ဦးစားပေးကာ လူသားချင်းစာနာမှုဆိုင်ရာအခြေခံတန်ဖိုးများနှင့်အညီ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောထားသလို အာဏာသိမ်းသမ္မတ၏ ခရီးစဉ်တွင်လည်း အဆိုပါကိစ္စများ ဆွေးနွေးရန်ရှိသည်။
မြန်မာဒုက္ခသည်များအရေးသည် ပြဿနာအသစ်တခုမဟုတ်ဘဲ လုံခြုံရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုရှုထောင့်များအရ ဆယ်စုနှစ်များစွာ ဖိအားဖြစ်စေခဲ့သည့် အမွေဆိုးတခုဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ဆိုသည်။
မလေးရှားနှင့် မြန်မာတို့ကြား ဒုက္ခသည်ဦးရေ ၅၀၀၀ ပြန်လည်လက်ခံရန် သဘောတူညီချက်အရ ပထမအသုတ်အနေဖြင့် စက်တင်ဘာ ၂၉ ရက်၌ ၁၄၇၆ ဦးအား ရေတပ်စစ်သင်္ဘောသုံးစီးဖြင့် အာဏာသိမ်းအစိုးရက ပြန်လည် ခေါ်ယူခဲ့သည်။
ထို့ပြင်ကျန်ရှိသည့် ၃၅၂၄ ဦးကိုလည်း ဒုတိယအသုတ်အနေဖြင့် ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း မလေးရှားဘက်က ပြောထားသည်။
ယင်းမတိုင်မီကလည်း မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ရာနှင့်ချီကို လေကြောင်းလိုင်းများမှတဆင့် အသုတ်လိုက် ပြန်လည်ပို့ဆောင်မှုများရှိခဲ့သည်။
ထိုသို့ ဒုက္ခသည်များအား ပြည်တွင်းစစ်ဖြစ်ပြီး မငြိမ်မသက်ဖြစ်နေသော နိုင်ငံသို့ပြန်လည်ပို့ဆောင်သည့် မလေးရှား၏ အစီအစဉ်အပေါ် ဒုက္ခသည်များ လုံခြုံရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့်လူ့အခွင့်အရေးအဖွဲ့အစည်းများက ဝေဖန်နေကြသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
50
11
5
1
1October 1, 2026 4.4K 4