ထိုင်းရေကြီးမှု စက်ရုံပေါင်း ၄,၅၀၀ ကျော် ပျက်စီး၊ ဘတ်၂ ဒသမ ၁၄ ဘီလီယံ… — The Irrawaddy - Burmese — TG.ME

ထိုင်းရေကြီးမှု စက်ရုံပေါင်း ၄,၅၀၀ ကျော် ပျက်စီး၊ ဘတ်၂ ဒသမ ၁၄ ဘီလီယံ ဆုံးရှုံးခဲ့

ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆

ထိုင်းနိုင်ငံ၌ မကြာမီက တနိုင်ငံလုံး အတိုင်းအတာဖြင့် ရေကြီးရေလျှံမှုက အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်း (SMEs) များဖြစ်သည့် စက်ရုံပေါင်း ၄,၅၀၀ ကျော် ပျက်စီးခဲ့ကြောင်း ထိုင်း စက်မှုဝန်ကြီးက ယနေ့ ပြောကြားခဲ့သည်။

အောက်တိုဘာ ၅ ရက်အထိ စာရင်းများအရ ခရိုင် ၅၅ ခုရှိ စက်ရုံပေါင်း ၄,၅၂၃ ရုံ ရေဘေးသင့်ခဲ့ကြောင်း ထိုအထဲတွင် အခြေခိုင်ပြီးသား စက်မှုလုပ်ငန်းရှင်ကြီးများ၏ စက်ရုံ ၃၁၆ ရုံ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ စက်ရုံ ၄,၁၁၃ ရုံ နှင့် ရပ်ကွက်အခြေပြု စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်သည့် စက်ရုံ ၉၄ ရုံ တို့ ပါဝင်ပြီး စုစုပေါင်းခန့်မှန်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဘတ်၂ ဒသမ ၁၄ ဘီလီယံ ရှိခဲ့သည်။

ထိုင်းစက်မှုဇုန် အာဏာပိုင်အဖွဲ့၏ အစီရင်ခံစာအရ စက်မှုဇုန်များအတွင်းရှိ စက်ရုံ ၁၈၀ မှ ၁၉၀ အထိ ရေဘေးသင့်ခဲ့ပြီး အဆိုပါ စက်မှုဇုန်များအတွင်း ပျက်စီးဆုံးရှုံးမှုမှာ ဘတ် ၁ ဒသမ ၇ ဘီလီယံမှ ၁ ဒသမ ၈ ဘီလီယံအထိ ရှိကြောင်း ဝန်ကြီးက ပြောကြားသည်။

စက်မှုဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိခိုက်ခံစားရသည့် စက်ရုံလုပ်ငန်းရှင်များအတွက် သင့်တော်သည့် ကူညီထောက်ပံ့မှုများကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများ လုံးဝရပ်ဆိုင်းသွားခဲ့သည့် စက်ရုံများကို အထူးဂရုစိုက် ကူညီပေးသွားမည်ဖြစ် ဝန်ကြီးက ပြောသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် ထိခိုက်ခံစားရသော လုပ်ငန်းရှင်များအတွက် ကြွေးမြီပေးဆပ်မှု ဆိုင်းငံ့ပေးခြင်း၊ ပြန်လည်ပြုပြင်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ချေးငွေများ ထောက်ပံ့ပေးနိုင်ရေး ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စက်မှုလုပ်ငန်းဌာန တာဝန်ရှိသူများကလည်း ပျက်စီးသွားသော စက်ရုံများအတွက် ရေဘေးလွန် ဘေးကင်းလုံခြုံရေး လုပ်ထုံး လုပ်နည်းများကို အကြံပြုလမ်းညွှန်ပေးသွားမည်ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM) ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ ရေကြီးရေလျှံမှုများသည် ဘန်ကောက်မြို့အပါအဝင် ပြည်နယ် ၂၆ ခုတွင် ဆက်လက်ဖြစ်ပွားနေပြီး လူဦးရေ ၃ ဒသမ ၅ သန်းကျော် ထိခိုက်ခံစားရကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- Thai Enquirer
👍27❤10😱7😭2
October 6, 2026 4.3K 4