မိုးမိတ်က တပ်စခန်းတခု KIA ပူးပေါင်းတပ် သိမ်း ဧရာဝတီ၊ စက်တင်ဘာ ၂၉၊… — The Irrawaddy - Burmese — TG.ME

မိုးမိတ်က တပ်စခန်းတခု KIA ပူးပေါင်းတပ် သိမ်း

ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆

ရှမ်းမြောက်ဒေသ မိုးမိတ်မြို့ ညောင်နီရွာအနီးမှ ရွှေမြင်တင်ဘုရားဗျူဟာကုန်းကို ယမန်နေ့က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီသို့ ပြောသည်။

၎င်းက “မိုးမိတ်မှာ မနေ့က မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပြီး ညနေပိုင်းမှာ ဗျူဟာကုန်းတခုကို သိမ်းနိုင်တယ်လို့ သိရပါ တယ်။ သိမ်းရတဲ့ လက်နက်ခဲယမ်း အသေးစိတ်တော့ မသိရဘူး။ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ် ကချင်ပြည်နယ် ဝင်ပေါက်ဖြစ်တော့ အရေးပါတဲ့ လမ်းကြောင်းပေါ်က တပ်စခန်း ဖြစ်ပါတယ်” ဟု ပြောသည်။

ညောင်နီရွာသည် မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်သာ ကွာဝေးပြီး KIA ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မဘိမ်းမြို့ဘက် အထွက်လမ်းပေါ်၌တည်ရှိကာ ပြီးခဲ့သည့် ဩဂုတ်လက စစ်တပ်က လေကြောင်းပစ်ကူယူကာ စစ်ကြောင်းထိုး နေရာ ယူထားခြင်း ဖြစ်သည်။

ထိုစခန်းကို ယမန်နေ့ KIA ပူးပေါင်းတပ်များက ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများ လည်း သိမ်းဆည်းရရှိခဲ့ကြောင်း KIA တပ်မဟာ- ၄ ရှေ့တန်း သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “အဲဒီကုန်းက မြို့နားမှာဆို အမြင့်ဆုံးနေရာလို့ ပြောလို့ရတယ်။ အဲဒီနေရာက သူတို့အတွက် အရေးပါသလို ကျနော်တို့အတွက်လည်း အရေးပါတယ်။ ဒီနေရာက မန္တလေးကို ဆင်းလို့ရသလို ကချင်ပြည်နယ် တက်မယ်ဆိုရင် လည်း ရတယ်” ဟု ပြောပြသည်။

ယမန်နေ့ တိုက်ပွဲအတွင်း စစ်တပ်က Mi-35 ရဟတ်ယာဉ်၊ တိုက်လေယာဉ်နှင့် Y-12 လေယာဉ်များ သုံးကာ လေကြောင်းမှ ပစ်ခတ်ဗုံးကြဲသည့်အပြင် ယနေ့ နံနက်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ် နေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ဘက်မှ ကချင်ပြည်နယ်သို့ ဝင်ပေါက်တခုဖြစ်သည့် မန္တလေး-မြစ်ကြီးနား လမ်းမကြီး ပေါ်ရှိ မိုးမိတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် ယမန်နှစ် နိုဝင်ဘာ လ၌ စစ်တပ်ထံ ပြန်လွှဲပေးခဲ့ရခြင်း ဖြစ်သည်။

မိုးမိတ်နှင့် KIA ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မဘိမ်းမြို့မှာ ၃၅ မိုင်ခန့် ကွာဝေးပြီး စစ်တပ်အနေဖြင့် မြို့ပေါ်တွင် ပြန်လည်နေရာယူထားသော်လည်း မြို့နယ် ပတ်ဝန်းကျင်ဒေသများကို KIA နှင့် ပူးပေါင်းတပ်များက နယ်မြေစိုးမိုးနေရာယူထားကြောင်း KIA နှင့် နီးစပ်သည့် မြေပြင်ရဲဘော်တဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်က ဗန်မော်စစ်မျက်နှာတွင်လည်း ကွန်ပျူတာတက္ကသိုလ်အနီးမှ စစ်တပ်စစ်ကြောင်း ကို KIA ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ ကြောင်း ဗန်းမော်ရှေ့တန်း သတင်းအရင်းအမြစ်တဦးက ပြောသည်။

၎င်းက “ကွန်ပျူတာတက္ကသိုလ်နဲ့ ဗန်းမော်တက္ကသိုလ်ကြားမှာဖြစ်တာ အလောင်း ၄ လောင်းနဲ့ သေနတ် ၁၀ လက် လောက်ရတယ်။ သုံ့ပန်းလည်း ၇ ဦးလောက် မိတယ်။ သူတို့ စစ်ကြောင်းတက်လာချိန် ပိတ်မိပြီး တိုက်ခိုက်ခံရတာ၊ ညတွင်းချင်း လေယာဉ်နဲ့ လာတိုက်ခိုက်တာတွေရှိတယ်” ဟု ပြောပြသည်။

အာဏာသိမ်းစစ်တပ်သည် စက်တင်ဘာလဆန်းတွင် ဗန်းမော်သို့ ရေကြောင်းမှ စစ်ကူအင်အားအချို့ ပို့ဆောင်နိုင်ခဲ့ပြီး နောက် စက်တင်ဘာ ၁၃ ရက်တွင် ဗန်းမော်မှ မံစီမြို့သို့ စစ်ကြောင်းထိုးရန် ကြိုးစားခဲ့ရာ ကောင်ဂျာယန်ရွာနှင့် ကမာ္ဘးနီရွာတို့တွင် KIA ပူးပေါင်းတပ်များ၏ ပိတ်ဆို့ချေမှုန်းခံရပြီး သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းများနှင့် သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

စစ်တပ်အနေဖြင့် ဗန်းမော်မြို့ မကျစေရေးအတွက် အောက်တိုဘာလကုန်ပိုင်းက မန္တလေးမှ ဧရာဝတီမြစ်အတိုင်း ဗန်းမော်သို့ စစ်သင်္ဘောနှင့် ကုန်တင်တွဲသင်္ဘောများဖြင့် စစ်ကူရိက္ခာများ ပို့ဆောင်ရာတွင် KIA ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘော အစီး ၂၀ ခန့် နစ်မြုပ် ပျက်စီးခဲ့ကြောင်း KIA ဘက်က သတင်းထုတ်ပြန် ထားသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/29/416657.html
ဧရာဝတီ
မိုးမိတ်က တပ်စခန်းတခု KIA ပူးပေါင်းတပ် သိမ်း
အဲဒီကုန်းက မြို့နားမှာဆို အမြင့်ဆုံးနေရာလို့ ပြောလို့ရတယ်။ အဲဒီနေရာက သူတို့အတွက် အရေးပါသလို ကျနော်တို့အတွက်လည်း အရေးပါတယ်။ ဒီနေရာက မန္တလေးကို ဆင်းလို့ရသလို ကချင်ပြည်နယ် တက်မယ်ဆိုရင် လည်း ရတယ်” ဟု ပြောပြသည်။
👍46❤20😁5👎1
September 29, 2026 3.3K 3
မိုးမိတ်က တပ်စခန်းတခု KIA ပူးပေါင်းတပ် သိမ်း ဧရာဝတီ၊ စက်တင်ဘာ ၂၉၊… — The Irrawaddy - Burmese — TG.ME