ရေကြီးမှုကြောင့် ဘန်ကောက်ရှိ စတိုးဆိုင်များ ပစ္စည်း ပြတ်
ဧရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၆
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တဝန်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် သွားလာရေးခက်ခဲမည်ကို စိုးရိမ်မှုများနှင့် ပစ္စည်းပြတ်လပ်နိုင်ခြေများကြောင့် အစားအသောက်နှင့် အဓိကလိုအပ်သည့် ကုန်ပစ္စည်းများကို တိုးဝှေ့ဝယ်ယူစုဆောင်းလျက်ရှိကြရာ တချို့စတိုးဆိုင်များနှင့် ရပ်ကွက်ဆိုင်များတွင် စင်ပေါ်တင်ထားသော ပစ္စည်းများ ကုန်သည်အထိ ဖြစ်ခဲ့ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်မှစ၍ မိုးဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် ရေနုတ်မြောင်းများမှ ရေမဆင်းနိုင်ဘဲ နေရာအများစု ရေကြီးရေလျှံခဲ့သည့် ဘန်ကောက်မြို့ရှိ 7-Eleven စတိုးဆိုင်များတွင် အသင့်စား အစားအစာများ၊ အခြောက်အခြမ်းအစားအစာများ၊ နို့၊ ဒိန်ချဉ်များ၊ အအေးများ၊ ပေါင်မုန့်နှင့် မုန့်ပဲသရေစာများ အများအပြား လာရောက်ဝယ်ယူနေသည်ကို တွေ့ရသည်။
ထို့ပြင် Big C၊ Lotus၊ Makro ကဲ့သို့ ကုန်တိုက်များတွင်လည်း အလုအယက် ဝယ်ယူနေကြပြီး အသားတချို့ ပြတ်လပ်သည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
7-11 ဆိုင်ခွဲတခုမှ ဝန်ထမ်းတဦး၏ ပြောကြားချက်အရ ယမန်နေ့ ညနေပိုင်းမှစ၍ ဝယ်ယူသူ ဦးရေမှာ သိသိသာသာ မြင့်တက်လာခဲ့သဖြင့် စတိုးဆိုင်အနေဖြင့် ကုန်ပစ္စည်းများ ထပ်မံမှာယူခဲ့ရကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် မိုးဆက်လက် ရွာသွန်းနေသည့်ကြားမှ ဈေးဝယ်သူအမြောက်အမြားဖြင့် ဆက်လက် ရောက်ရှိလာခဲ့ရာ မွန်းလွဲပိုင်းနှင့် ညနေပိုင်း ရောက်ရှိမည်ဖြစ်သော ပစ္စည်းပို့ယာဉ်များကို စောင့်ဆိုင်းနေစဉ်အတွင်း အချို့သော ကုန်ပစ္စည်းများ ခေတ္တ ခဏ ပြတ်လပ်သွားခဲ့ရကြောင်း ဆိုသည်။
ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) က မြို့နယ် ၅၀ လုံးအား သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဧရိယာအဖြစ် ကြေညာခဲ့ပြီးနောက် ထိုကဲ့သို့ ဝယ်ယူနေကြခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-Khaosod, Thai Enquirer
34
11
7
6
4September 26, 2026 5.1K