အယ်လ်နီညိုကိုရင်ဆိုင်ဖို့ ရေနှင့်ရိက္ခာ စုဆောင်းရန် အာဏာသိမ်းသမ္မတ… — The Irrawaddy - Burmese — TG.ME

အယ်လ်နီညိုကိုရင်ဆိုင်ဖို့ ရေနှင့်ရိက္ခာ စုဆောင်းရန် အာဏာသိမ်းသမ္မတ ပြော

ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆

အပူဒဏ် လွန်ကဲမှုရင်ဆိုင်ရနိုင်သည့် အယ်လ်နီညို ဖြစ်စဉ်အား ကြိုတင်ကာကွယ်ရေးအတွက် ရေ၊ ကြာရှည် အထားခံသည့် သီးနှံ၊ စားရေရိက္ခာများ စုဆောင်းထားရှိရန် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် ယမန်နေ့က အစည်းအဝေး ပြုလုပ်စဉ် ပြောသည်။

လာမည့်နှစ် မိုးရာသီ မတိုင်မီအထိ အယ်လ်နီညို ရာသီဥတုအား ကျော်ဖြတ်နိုင်ရေးအတွက် သောက်ရေနှင့် စိုက်ပျိုးရေ ထိန်းသိမ်းသုံးစွဲခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ ရေများ သိုလှောင် စုဆောင်းခြင်း၊ မလိုအပ်ဘဲ ရေဆုံးရှုံးမှု မရှိအောင် ထိန်းသိမ်း ဆောင်ရွက်ခြင်း၊ မိုးနှောင်းရာသီ သီးနှံများကို ပန်းတိုင် ရည်မှန်းချက်ရအောင် စိုက်ပျိုးခြင်း၊ မွေးမြူရေး လုပ်ငန်းများ စဉ်ဆက်မပြတ် စီမံဆောင်ရွက်ခြင်းဖြင့် ပြင်ဆင်ဆောင်ရွက်ကြရန်လည်း ၎င်းက ဆိုသည်။

အယ်လ်နီညို ဖြစ်စဉ်ကြောင့် အပူချိန် မြင့်တက်ပြီး ဆည်တမံများ ရေခမ်းခြောက်မှု ပိုမိုလာနိုင်သည့်အတွက် အောက်တိုဘာ ၅ ရက်ကစတင်ကာ လာမည့်နှစ် မိုးတွင်းကာလအထိ လျှပ်စစ်ဓာတ်အား ၄ နာရီခြား တခါသာ အလှည့်ကျ ပေးမည်ဖြစ်ကြောင်း အာဏာသိမ်းအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြေညာပြီးနောက် ရေနှင့် ရိက္ခာပါ စုဆောင်းကြရန် အာဏာသိမ်းသမ္မတက ပြောဆိုလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ ပြင်းထန် ဆိုးရွားသည့် အပူဒဏ် ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်မှုများရှိနေပြီး အယ်လ်နီညိုကြောင့် ပူပြင်း ခြောက်သွေ့မှုများ၊ မြေအောက်ရေ ခန်းခြောက်မှုများ ကြုံတွေ့ရနိုင်ကြောင်းနှင့် လက်ရှိတွင်ပင် အချို့သော မြို့နယ်များ၌ ပုံမှန်ထက် အပူချိန် မြင့်မားမှုများ တွေ့နေရကြောင်းလည်း ၎င်းက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ ဧလာ၊ စစ်ကိုင်း၊ လားရှိုးတို့တွင် စက်တင်ဘာလ၏ အမြင့်ဆုံး အပူချိန် စံချိန်သစ်များ တင်ခဲ့သည်။

အယ်လ်နီညို ဒဏ်အား ယခု အောက်တိုဘာလမှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ ရင်ဆိုင် ခံစားရနိုင်ပြီး အထူးသဖြင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် ပုံမှန်အပူချိန်ထက် ပိုမို မြင့်မားနေမည်ဖြစ်ကြောင်း မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ဖော်ပြထားသည်။

ထို့ပြင် အပူချိန် မြင့်မားမှုကြောင့် ဆည်နှင့် တမံများ ရေခမ်းခြောက်မှုများကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့ကျခြင်း၊ သီးနှံအထွက်နှုန်း လျော့ကျခြင်းများ ကြုံတွေ့ရနိုင်ကြောင်းလည်း ခန့်မှန်းထားကြသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍20😁19❤13👎3😭1
October 6, 2026 4K 4