ချင်းတောင် မဆာတွီတိုက်ပွဲ စစ်တပ် ၃၀ ကျော်သေ၊ ၂၀ ကျော် ဖမ်းမိ ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

ချင်းတောင် မဆာတွီတိုက်ပွဲ စစ်တပ် ၃၀ ကျော်သေ၊ ၂၀ ကျော် ဖမ်းမိ

ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆

မကွေးတိုင်း လောင်းရှည်မြို့မှ အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းသည် ချင်းတောင်ပိုင်း ကန်ပက်လက်မြို့နယ်အပိုင် ကျင်ဒွေးမြို့သို့ စက်တင်ဘာ ၂၆ ရက်၌ ထိုးစစ်စတင်ခဲ့ရာ မဆာတွီကျေးရွာအနီး တိုက်ပွဲတွင် ၃၀ ကျော်သေဆုံးပြီး အင်အား ၂၀ ကျော်ပါတပ်စု ၁ စုလုံးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းများထံက သိရသည်။

စစ်သုံ့ပန်းများမှာ ပဲခူးမြို့အခြေစိုက် တပ်မ ၇၇ လက်အောက်ခံတပ်ရင်း ၁ ခု မှ တပ်ကြပ်ကြီး ရဲဝင်းထွန်း (တ-၅၆၄၅၀၉) ဦးဆောင်သည့် အင်အား ၂၀ ကျော်ပါတပ်စုဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“လမ်းကြောင်းအသစ်နဲ့ ထိုးစစ်ပြန်စလာတာမှာလည်း မဆာတွီကနေ မကျော်နိုင်သေးဘူး၊ တိုက်ပွဲကတော့ နေ့တိုင်း ဖြစ်နေတာ၊ မဆွာတီနဲ့ ဆွဲလွဲကျင်းကြားက မောချောင်းဖျားရှိတဲ့ တပ်စခန်းကို ဒီဘက်က အရင်ဆုံးဝင်တိုက်လိုက်တာ၊ အခုဖမ်းမိတဲ့ စစ်သုံ့ပန်းတွေက ၂၇ ရက်က ဖြစ်တဲ့တိုက်ပွဲမှာ ဖမ်းမိခဲ့တာ၊ ညပိုင်းတွေအထိပါ ဗုံးကြဲနေတဲ့ကြားက တော် လှန်ရေးတပ်တွေက တိုက်နေကြရတာ”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လောင်းရှည်-ကျင်ဒွေးလမ်းအတိုင်း ဝင်လာသည့် စစ်ကြောင်းကို အာရက္ခတပ်တော် (AA)၊ ချင်းပြည်သူ့တပ်မတော် (CPA)၊ ယောကာကွယ်ရေးတပ်တော် (YDF) ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဖြစ်နေပြီး လက်ရှိတွင် ထိုစစ်ကြောင်းသည် ကန်ပက်လက်မြို့နယ်အစ မဆာတွီရွာသို့ ရောက်ရှိကာ လက်နက်ကြီးစခန်းတခု တည်ဆောက်နေပြီး အင်ဘူးနှင့် ဆွဲလွဲကျင်းတို့၌ စစ်ကြောင်းဖြန့်ခွဲပြီး နေရာယူထားကြောင်း သိရသည်။

လောင်းရှည်ကပစ ၂၃ သို့လည်း စစ်အင်အားများ ထပ်မံဖြည့်တင်းလျက်ရှိပြီး အောက်တိုဘာ ၄ ရက်ကလည်း စစ်ကားကြီး ၁၀ စီး ထပ်မံဝင်ရောက်ထားကြောင်း၊ စက်တင်ဘာ ၂၆ ရက်မှစပြီး နေ့စဉ် ဗုံးကြဲနေသဖြင့် လောင်းရှည်-ကျင်ဒွေးလမ်းပိုင်းပေါ်ရှိ မဆာတွီ၊ အင်ဘူး၊ ရင်းကဲ၊ ဆွဲလွဲကျင်း၊ ပါးချောင်း၊ ပိန်းချောင်း၊ ယမ်း၊ ကြိမ်ကြီးစသောကျေးရွာများတွင် စစ်ကြောင်းများ ရှိနေဆဲဖြစ်၍ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြောင်း သိရသည်။

ဓာတ်ပုံ-ယောအလင်းတန်း

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤32👍14😁1
October 6, 2026 3.8K 3