ရန်ကုန်အထည်ချုပ်စက်ရုံ ၄ ရုံ ပိတ်သိမ်းဖို့ပြင်၊ အလုပ်သမား ၁ သောင်းနီးပါး လက်မဲ့ဖြစ်နိုင်
ဧရာဝတီ၊ အောက်တိုဘာ ၁၉၊ ၂၀၂၆
ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာနှင့် မှော်ဘီမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံ ၄ ရုံမှာ ကုန်ကြမ်းနှင့် အပ်ထည်အမှာစာလျော့နည်းလာ၍ ယခု အောက်တိုဘာလအတွင်း ပိတ်သိမ်းရန် ရှိနေသဖြင့် အလုပ်သမား တသောင်းနီးပါး အလုပ်အကိုင် ဆုံးရှုံးနိုင်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS - TUsF) က ယနေ့ ထုတ်ပြန် သည်။
ယခု ပိတ်သိမ်းရန် ပြင်နေသည့် စက်ရုံများအနက် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄) ရှိ အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိသော အထည်ချုပ်စက်ရုံမှာ အောက်တိုဘာ ၂၁ ရက်တွင် ပိတ်သိမ်းရန် စီစဉ်ထားပြီး လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိသော အထည်ချုပ်စက်ရုံမှာ အောက်တိုဘာ ၂၂ ရက်တွင် ပိတ်သိမ်းမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မှော်ဘီမြို့နယ်၊ ရန်ကုန်- ပြည်လမ်းမကြီးပေါ်ရှိ အလုပ်သမား ၅,၀၀၀ ကျော်ရှိသော အထည်ချုပ်စက်ရုံမှာလည်း ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ အလုပ်သမား လျှော့ချမှုများ ပြုလုပ်ခဲ့ပြီး ယခု အောက်တိုဘာ ၃၀ ရက်တွင် ပိတ်သိမ်းမည်ဖြစ်သည့်အပြင် မင်္ဂလာဒုံစက်မှုဇုန်ရှိ အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိသော အထည်ချုပ်စက်ရုံ တရုံလည်း ပိတ်သိမ်းရန် ရှိနေကြောင်း သိရသည်။
အဆိုပါ အထည်ချုပ်စက်ရုံများ ပိတ်သိမ်းမှုကြောင့် အလုပ်သမား တသောင်းနီးပါး အလုပ်အကိုင်ဆုံးရှုံးနိုင်သည့်အတွက် စက်ရုံ ပိတ်သိမ်းရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ကူညီ ဆောင်ရွက်ပေးနေကြောင်း အလုပ်သမားအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ- ယခုနှစ်အတွင်း ပိတ်သိမ်းတော့မည့် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ Teng Hui (Myanmar) Knitting Co., Ltd သိုးမွေးစက်ရုံ အလုပ်သမားများအား တွေ့ရစဉ်
#WhatsHappeningInMyanmar
#RejectMilitaryCoup
37
4
3
2
1October 19, 2026 3.8K 5