တာချီလိတ်-မယ်ဆိုင် တံတားမှ တပိုင်တနိုင် ထိုင်းကုန်စည် တင်သွင်းမှု… — The Irrawaddy - Burmese — TG.ME

တာချီလိတ်-မယ်ဆိုင် တံတားမှ တပိုင်တနိုင် ထိုင်းကုန်စည် တင်သွင်းမှု ယာယီ ရပ်ဆိုင်း

ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် ၁ တံတားမှတဆင့် တပိုင်တနိုင် ထိုင်း ကုန်စည်တင်သွင်းမှုကို စက်တင်ဘာ ၁၅ ရက်မှစ၍ ယာယီရပ်ဆိုင်းထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

တာချီလိတ် အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အာဏာပိုင်များက ထိုင်းဘက်မှ တင်သွင်းလာသည့် ယာဉ် ၂၅ စီးပါ အေးခဲ ကြက်သား၊ ဝက်သားနှင့် ဟင်းသီးဟင်းရွက်များအပါအဝင် ကုန်စည်များကို စစ်ဆေးရာ စုစုပေါင်း ၁၂ ဒသမ ၇ တန်ကျော် တွေ့ရှိခဲ့ပြီးနောက် တင်သွင်းမှု ယာယီ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းသတင်း MGR Online က ဖော်ပြထားသည်။

အဆိုပါ ကုန်စည်များမှာ အာဏာသိမ်းအစိုးရက သတ်မှတ်ထားသော သွင်းကုန်၊ ပို့ကုန်ခွင့်ပြုချက်နှင့် အရည်အသွေး စစ်ဆေးချက်များ မပါရှိသဖြင့် ယာဉ်များနှင့် ကုန်စည်များကို သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။

အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ၏ ၇၀ ရာခိုင်နှုန်းကျော်ကို မယ်ဆိုင်ဘက်မှ နေ့စဉ်တင်သွင်းနေခြင်းဖြစ်သဖြင့် ယခုလို တင်သွင်းမှုရပ်ဆိုင်းပြီးနောက် ကုန်ဈေးနှုန်း ၂ ဆခန့် မြင့်တက်လာကြောင်း တာချီလိတ် ဒေသခံများက ပြောဆိုထားသည်။

တာချီလိတ်ဒေသခံတဦးက "မနက်ပိုင်းလေးတော့ လှည်းတွေနဲ့ လူသွားလမ်းကနေ တွန်းသယ်လို့တော့ရတယ်။ ထိုင်းဘက်ကျတော့ လမ်းပိတ်ထားတာ။ မြန်မာဘက်မှာတော့ လက်နဲ့ဆွဲဝင်ရတာပေါ့။ ပစ္စည်းတွေ ပိတ်ထားတော့ တမျိုးကို ၁၀ ဘတ်လောက်တော့ ဈေးတက်သွားတယ်"ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် အမှတ် ၂ တံတားမှ ထိုင်း-မြန်မာ ကုန်သွယ်မှုများကိုသာ ခွင့်ပြုထားကာ အမှတ် ၁ တံတားမှတဆင့် တာချီလိတ်သို့ ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို လှည်းများ၊ သုံးဘီးများဖြင့် ဖြတ်သန်း သယ်ယူခွင့်ကို ထိုင်းနိုင်ငံဘက်က နံနက် ၉နာရီ (မြန်မာအချိန်) မှ ညနေ ၄နာရီအထိ ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။

ဓာတ်ပုံ-North Now

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍31👎12❤7😱2
September 19, 2026 5.1K 7