ဒီပဲယင်းနယ်ကို ပါရာမော်တာဖြင့် ဗုံးကြဲ၊ မိသားစုဝင် ၄ ဦး သေဆုံး… — The Irrawaddy - Burmese — TG.ME

ဒီပဲယင်းနယ်ကို ပါရာမော်တာဖြင့် ဗုံးကြဲ၊ မိသားစုဝင် ၄ ဦး သေဆုံး

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ မူးကမ်းကြီးရွာကို ယနေ့ နေ့လယ် ၁ နာရီ ၁၈ မိနစ်ခန့်တွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ တက်သည့် စက်တပ်လေထီး (ပါရာမော်တာ) ဖြင့် ဗုံးကြဲရာ မိသားစုဝင် ၄ ဦးသေဆုံးပြီး တဦး ဒဏ်ရာရခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံက သိရသည်။

မူးကမ်းကြီးရွာအတွင်းသို့ ပါရာမော်တာဖြင့် ဗုံးသီးနှစ်လုံးကြဲရာ ကိုစိုးနိုင်၏နေအိမ်ပေါ် သို့ ကျရောက်ပြီး ဇနီး၊ သမီး၊ ညီမ၊ အစ်ကိုဖြစ်သူတို့ လေးဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတဦးက “ဘာတိုက်ပွဲမှ မရှိဘူး။ မူးကမ်းကြီးရွာထဲ ဗုံးကြဲသွားတာ။ တအိမ်ထဲက မိသားစုဝင်လေးဦးစလုံး ပွဲချင်းပြီး ဆုံးသွားကြတာ။ မူးကမ်းကြီးရွာထဲမှာ နေ နေတာက အရပ်သား သာမန်ပြည်သူတွေပါ။ တော်လှန်ရေးနယ်မြေထဲက ရွာတွေဆိုတော့ သူတို့အတွက်ကတော့ ပြည်သူဆိုတာ မရှိဘူး” ဟု ပြောသည်။

ထို့အတူ ယနေ့ နေ့လယ် ၁ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် ချောင်းဦးမြို့နယ်အစပ်ရှိ ပန်းလှအုပ်စု၊ ပန်းလှဘုန်းကြီး ကျောင်းကို တိုက်လေယာဉ်တစီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့သဖြင့် သံဃာတော်၂ ပါး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်ကြီး၊ သိမ်နှင့် သံဃာတော်များ ရေချိုးသည့်နေရာအပါအဝင် အဆောက်အအုံအားလုံးနီးပါး ပျက်စီးခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

ယင်း ဘုန်းကြီးကျောင်းသည် ချောင်းဦးမြို့နယ်အတွင်း စစ်ရေးအခြေ အနေများကြောင့် နေရပ်စွန့်ခွာလာသူများ ယခင်က လာရောက်ခိုလှုံနေကြသည့် နေရာတခုဖြစ်သလို ယခုတိုက်ခိုက်မှုသည် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်သည်ဟုယူဆကြောင်း ဒေသခံများက ပြောဆိုသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသခံများ အထူးသတိထားကြရန် တော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭33❤5👎5👍2
October 8, 2026 3.5K 2