ဂျူးနှစ်သစ်ကူးပွဲ ကျင်းပခွင့် မပေးဖို့ ဖူးခက်ဒေသခံအဖွဲ့ တောင်းဆို… — The Irrawaddy - Burmese — TG.ME

ဂျူးနှစ်သစ်ကူးပွဲ ကျင်းပခွင့် မပေးဖို့ ဖူးခက်ဒေသခံအဖွဲ့ တောင်းဆို

ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆

ထိုင်းနိုင်ငံ ဖူးခက်ကျွန်း ပသောင်ဒေသရှိ ဂျူးဘုရားကျောင်း (Chabad) နှင့် ဟိုတယ်တခုတွင် ကျင်းပရန် စီစဉ်ထားသော ဂျူးနှစ်သစ်ကူး အခမ်းအနားကို ကန့်ကွက်သည့် တောင်းဆိုစာအား "ဖူးခက်မြေ ကာကွယ်ရေးအဖွဲ့" ခေါင်းဆောင် Saychol Nhuchet က ခရိုင်အာဏာပိုင်များထံသို့ ယနေ့ တင်သွင်းခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။

၎င်းတို့အနေဖြင့် ဘာသာရေး သို့မဟုတ် လူမျိုးရေးခွဲခြားခြင်း မဟုတ်ဘဲ ကျွန်း၏ လုံခြုံရေး၊ ဘေးကင်းရေးနှင့် ခရီးသွားလုပ်ငန်း ပုံရိပ်တို့အတွက် စိုးရိမ်သောကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပတောင်ဆိုတာ ကမ္ဘာကျော် ခရီးသွားနေရာတခုပါ။ အထူးသဖြင့် အစ္စရေးနဲ့ အီရန်ကြား အရှေ့အလယ်ပိုင်း ပဋိပက္ခတွေ ဖြစ်ပွားနေချိန်မှာ အခုလို လူအစုအဝေးကြီး စုဝေးတာဟာ ဒေသခံတွေနဲ့ နိုင်ငံခြားသား ခရီးသွားတွေကို စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဂျူးဘာသာဝင်များ၏ ပွဲတော်ဖြစ်သည့် ရော့ရှ် ဟာရှာနား (Rosh Hashanah) အခမ်းအနားကို သောကြာနေ့တွင် Chabad Patong Community Centre နှင့် နိုဗိုတယ် ပတောင် ဟိုတယ်တို့၌ ကျင်းပမည်ဖြစ်ပြီး Chabad တွင် လူပေါင်း ၆၀၀ ခန့်နှင့် ဟိုတယ်တွင် လူ ၄၀၀ ခန့် တက်ရောက်ကြမည်ဟု ပွဲစီစဉ်သူများက မျှော်လင့်ထားကြပြီး ရဲတပ်ဖွဲ့၏ လုံခြုံရေး အကူအညီ ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းက ဆမွေကျွန်းရှိ Samui Exotic Park တိရစ္ဆာန်ရုံ ပိုင်ရှင်များအား ခြိမ်းခြောက်မှုဖြင့် အစ္စရေးနိုင်ငံသားနှင့် ပြဿနာဖြစ်ပွားရာမှစ၍ နှစ်ဖက် လူမှုအသိုင်းအဝန်းကြား တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် အနုတင်က ထို အစ္စရေးနိုင်ငံသား ယာကော့ဗ် အိုဟာယွန် (Yaacov Ohayon) အား ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာရန် လွန်ခဲ့သည့်သီတင်းပတ်က အမိန့်ထုတ်ပြန်ခဲ့ပြီး တိရစ္ဆာန်ရုံ၏ ပြင်သစ်နိုင်ငံသား အစုရှယ်ယာရှင် ပူးတွဲပိုင်ရှင်အားလည်း အစ္စရေး ခရီးသွားများကို ခြိမ်းခြောက်မှုဖြင့် တနင်္လာနေ့တွင် တိုင်းပြည်မှ နှင်ထုတ်ရန် ထပ်မံ အမိန့်ထုတ်ခဲ့သည်။ အဆိုပါ အမျိုးသားနှစ်ဦးစလုံးသည် အမိန့်အား အယူခံဝင်ရန် အချိန်တပတ်ရရှိမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က နှစ်နိုင်ငံ ဆက်ဆံရေးကို ကာကွယ်စောင့်ရှောက်ရန် ထိုင်းနိုင်ငံသို့ လာရောက်သည့် အစ္စရေး ခရီးသွားများအနေဖြင့် ထိုင်းယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာကြရန်အတွက် အလေးအနက် ထိန်းကျောင်းညွှန်ကြားပေးရန် အစ္စရေး သံအမတ်ကြီး အလိုနာ ဖစ်ရှာခမ်းအား ယနေ့ တောင်းဆိုလိုက်သည်။

ဓာတ်ပုံ-ဘန်ကောက်ပို့စ်
😁16❤3🤔1
September 8, 2026 2.5K 2