လူမှုကွန်ရက်ပေါ် ဆန်ဈေးခန့်မှန်းခြင်း မလုပ်ဖို့ သတိပေး ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

လူမှုကွန်ရက်ပေါ် ဆန်ဈေးခန့်မှန်းခြင်း မလုပ်ဖို့ သတိပေး

ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆

ဆန်ရောင်းသူနှင့် ဝယ်ယူသူများ Facebook၊ TikTok အပါအဝင် လူမှုကွန်ရက်၌ ဆန်ဈေးကို ခန့်မှန်း ရေးသားခြင်း မလုပ် ဖို့၊ အွန်လိုင်းဆိုင်ရာ ဥပဒေတို့ကို တိကျစွာ လိုက်နာဖို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက စက်တင်ဘာ၂ ရက်စွဲဖြင့် သတိပေး ထုတ်ပြန်သည်။

လက်ကျန်စပါး ရှားပါးလာချိန် ဆန်စက်ပိုင်များ၊ ကုန်သည်များ၏ ဝယ်ယူမှုကြောင့် ဧရာဝတီတိုင်းတွင်း စပါးတင်း ၁၀၀ လျှင် ယခင် ကျပ် ၁၇ သိန်းမှ ၁၈ သိန်းဝန်းကျင် ရှိရာမှ လတ်တလော ကျပ် ၂၅ သိန်းမှ ၂၆ သိန်းအထိ မြင့်လာရာ ဆန်ဈေး မှာလည်း အမျိုးအစားအလိုက် တအိတ်လျှင် ကျပ် ၁ သောင်းကျော်မှ ၂ သောင်းကျော်အထိ ဈေးတက်နေချိန် ဈေးနှုန်း ထိန်းညှိ ရောင်းချရန်နှင့် ဈေးကွက် အခြေအနေ၊ ဈေးနှုန်းများကို အွန်လိုင်းပေါ် ပြောဆို ရောင်းချခြင်း မပြုရန် ထုတ်ပြန် လာခြင်း ဖြစ်သည်။

ထိုသို့ ခန့်မှန်းဈေးနှုန်း၊ ဈေးကွက်အခြေအနေကို ပြောဆိုခြင်း၊ ရေးသားပြီး ရောင်းချခြင်းသည် ပြည်သူများကို ထင်ယောင် ထင်မှား ဖြစ်စေပြီး စိုးရိမ်ထိတ်လန့်စေကြောင်း ဆိုထားသည်။

ထို့ပြင် ဆန်စပါး ကုန်စည်ဒိုင်များနှင့် လက်ကားဆိုင်များတွင် ဆန်အဝင်/အထွက် စာရင်း သတင်းပို့စနစ် မပျက်မကွက် ဆောင်ရွက်ရန်၊ ဆန်သိုလှောင်ထားပြီး ဆန်ဈေးနှုန်း မြှင့်တင် ရောင်းချခြင်း မပြုလုပ်ရန်လည်း ဆန်စပါးအသင်းက သတိပေး ထုတ်ပြန်ထားသည်။

လတ်တလောတွင် တနိုင်ငံလုံး ရေဘေးကြောင့် စပါး ရှားပါးလာခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဆန်ဈေး မြင့်တက်လာသလို၊ ယခုအချိန်သည် ဆန်သစ်ပေါ်ချိန် မဝေးတော့သဖြင့် ဆန်ဟောင်း ဈေးနှုန်းမြင့်လေ့ရှိပြီး ပစ္စည်း ရှားပါးချိန် အလုအယက်ဝယ်ယူရမှုများကလည်း ဈေးနှုန်း မြင့်တက်မှုကို ပိုမို ဖြစ်စေကြောင်း ဆန်ကုန်သည်များက သုံးသပ် ပြောဆိုသည်။

ယခုလို ဆန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စားသုံးသူ ပြည်သူများ ထိခိုက်နေချိန်တွင် ဈေးကွက် အခြေအနေကို ရှင်းပြ ပြောဆိုခြင်းအပေါ် စိုးရိမ်ထိတ်လန့်စေသည့် ပြောဆိုမှုအဖြစ် မသတ်မှတ်သင့်ကြောင်း လက်လီ ရောင်းချနေသည့် ဆန်လုပ်ငန်းရှင်များက ပြောသည်။

ဆန်စပါး အသင်း၏ သတိပေး ထုတ်ပြန်ချက်အပေါ် ဆန်လက်လီ ရောင်းချသူ တဦးက “အခု ဈေးတွေ တက်လာတဲ့ အချိန်မှာ ပြည်သူတွေ တော်တော် ထိခိုက်တယ်။ ဧရာဝတီတိုင်းမှာ ရေကြီးတော့ ဆန်ဈေးတွေပါ ၁ သောင်းခွဲ၊ ၂ သောင်း လောက် တက်သွားတယ်။ စားသုံးသူတွေ ထိတ်လန့်သွားတဲ့ အချိန်မှာ ဒါက ဘာမှ မဟုတ်ပါဘူးဆိုပြီး ကျမတို့ဘက်က ပြန်ရှင်းပြတာပါ။ ဆန်ရောင်းတဲ့သူတွေထဲမှာလည်း နောက် ၃ လနေရင် ဆန်ဈေး ဘယ်လောက် တက်မယ်၊ ဘယ်လို ဖြစ်မယ်ဆိုပြီး ကြိုတင် ခန့်မှန်း ပြောနေတဲ့သူ တယောက်မှ မရှိပါဘူး” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ပြောဆိုထားသည်။

ရက် ၉၀ စပါးပေါ်ချိန် ဆန်ဈေးမှာ တအိတ်လျှင် ကျပ် ၁ သိန်း ၁ သောင်းဝန်းကျင် ရှိပြီး အခြား ဆင်းသွယ်ဆန် များမှာ တအိတ်လျှင် ကျပ် ၉ သောင်းနှင့်အထက် ရှိနေကာ၊ ယခင်နှစ် ဆန်သစ် ပေါ်စဈေး တအိတ်လျှင် ကျပ် ၅ သောင်း ကျော်သာရှိသောကြောင့် နှိုင်းယှဉ်ပါက ကျပ် ၃ သောင်းမှ ၄ သောင်းအထိ ယခုနှစ်တွင် မြင့်တက်နေခြင်း ဖြစ်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်ရှိ ကုန်သည် တဦးက ဧရာဝတီသို့ ပြောဆိုသည်။

“ဒီတပတ်တော့ အဝယ် မရှိဘူး။ အကုန်လုံး ငြိမ်ပြီး စောင့်ကြည့်နေကြတာ။ လက်လီ အိတ် ၄၀၊ ၅၀ သမားတွေလောက်ပဲ ဝယ်ကြတယ်။ ဝယ်သူ မရှိဘဲ ဈေးက တက်နေတာ။ အခု အသစ်ပေါ်တဲ့ ဈေးကလည်း ကြောက်စရာကောင်းအောင် တက်နေတယ်။ တနှစ်ကို တအိတ် ကျပ် ၅ ထောင်လောက် တက်ရင်တောင် တော်သေးတယ်၊ အခုက တော်တော်လေး တက်သွားတာ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဆန်ကုန်သည် အသင်းဘက်ကလည်း သတ်မှတ်ဈေးဖြင့် လျှော့ရောင်းရန် တိုက်တွန်းမှုများ ရှိသော်လည်း ကိုယ်တိုင် ဝယ်ယူ သိုလှောင်ထားသည့် ကုန်သည်များအနေဖြင့် အရှုံးခံ၍ ရောင်းချရန် အခက်အခဲ ရှိကြောင်း၊ သတ်မှတ်ဈေးနှုန်းနှင့် ပြင်ပ ဈေးကွက်အတွင်း လက်တွေ့ ရောင်းဝယ်နေသည့် ဈေးနှုန်းများကြား ကွာဟမှု ရှိနေပြီး အွန်လိုင်းပေါ်တွင် ဖော်ပြထား သည့် ဈေးနှုန်းများမှာ လက်တွေ့ ဈေးကွက် အခြေအနေကို အပြည့်အဝ ထင်ဟပ်မှု မရှိကြောင်း ၎င်းက ရှင်းပြသည်။

ကုန်သွယ်ရေးဝန်ကြီးဌာနက မှတ်ပုံတင် လက်မှတ်မရှိဘဲ အွန်လိုင်းမှ အရောင်းအဝယ် လုပ်ငန်းများ ဆောင်ရွက်ပါက အပိုဒ် ၂၆ အရ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ ဖြင့် တရားစွဲဆို အရေးယူနိုင်ကြောင်း သတ်မှတ်ထား သဖြင့် အွန်လိုင်းမှတဆင့် ဆန်ရောင်းသူများအနေဖြင့် ဈေးနှုန်းနှင့် ကုန်ပစ္စည်း အချက်အလက်များကို မမှန်မကန် ဖော်ပြခြင်း၊ စည်းကမ်းချက်များနှင့် မကိုက်ညီဘဲ ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းများကို တိတိကျကျ လိုက်နာကြရန် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းက သွယ်ဝိုက်၍ သတိပေးထားခြင်း ဖြစ်ကြောင်း ကုန်သည် တချို့က ပြောဆိုကြသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/08/416118.html
ဧရာဝတီ
လူမှုကွန်ရက်ပေါ် ဆန်ဈေးခန့်မှန်းခြင်း မလုပ်ဖို့ သတိပေး
Facebook၊ TikTok အပါအဝင် လူမှုကွန်ရက် မီဒီယာများတွင် ဆန်ဈေးနှုန်း ခန့်မှန်း ရေးသားခြင်းမပြု လုပ်ကြရန်၊ ဆန်ရောင်းချသူများနှင့် ဝယ်ယူသူများအနေဖြင့် အွန်လိုင်းဆိုင်ရာ ဥပဒေများကို တိကျစွာ လိုက်နာကြရန်
😁32❤7🤔1
September 8, 2026 2.1K 4