ကြံ့ဖွံ့ပါတီကန့်ကွက်မှုကြောင့် ပြည်သူ့ပါတီ အမတ် ၂ ဦး ဖယ်ရှားခံရ
ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆
စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကန့်ကွက်စာတင်ထားသည့် ပြည်သူ့ပါတီ၏ တနင်္သာရီတိုင်း လွှတ်တော်အမတ်၂ ဦးကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က (UEC) က ထုတ်ပြန်သည်။
အဆိုပါ အမတ်၂ ဦးမှာ ပြည်သူ့ပါတီ (PP)၏ မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဦးခိုင်ဦး (မဲအများဆုံးရသူ အနိုင်ယူစနစ်)နှင့် လောင်းလုံမြို့နယ် မဲဆန္ဒနယ်အမှတ်၂ မှ ဦးတင်စိုး (အချိုးကျကိုယ်စားပြုစနစ်) တို့ဖြစ်ပြီး လက်ရှိ တနင်္သာရီတိုင်းလွှတ်တော်သို့ တက်ရောက်နေသူများလည်း ဖြစ်သည်။
“ဦးခိုင်ဦးက မဲအပြတ်အသတ် နိုင်ထားတာပေါ့နော်။ အဲဒီမှာ USDP ပါတီကနေ ကန့်ကွက်လွှာ တင်ထားတာ။ ကန့်ကွက်ထားတဲ့ အချက်အလက်တွေက အနည်းဆုံး ၇ ချက်လောက်ရှိတယ်လို့တော့ အကြမ်းဖျင်း သိရတယ်။ အဲဒီအချက်အလက်တွေထဲက တခုခုက ငြိနေတာမျိုးမို့ ပယ်ဖျက်လိုက်တာလို့တော့ မြင်တယ်။ ဦးတင်စိုးကျတော့ ဦးခိုင်ဦးရတဲ့ ခိုင်လုံမဲတွေကို နုတ်ခံလိုက်ရတာမို့ ပယ်ခံလိုက်ရတာ” ဟု ပြည်သူ့ပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။
USDP ၏ ကန့်ကွက်စာတွင် မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းမဲရုံ၌ မဲဆန္ဒရှင် ဒေါ်စောသန်းနှင့် ဒေါ်ဇင်မာခိုင်တို့ မဲလာထည့်စဥ် မဲရုံအမည်စစ်ဆေးသူ ဒေါ်သီသီခိုင်က PP ပါတီသို့ နှိပ်ရန် လက်ညှိုးထိုးပြခဲ့သည်ဟု ဖော်ပြခဲ့သည်။
ထိုအငြင်းပွားတိုင်ကြားမှုနှင့်ပတ်သက်၍ UEC က စက်တင်ဘာ ၇ ရက်တွင် အပြီးသတ်ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့ရာတွင် မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဦးခိုင်ဦး အနိုင်ရရှိခဲ့မှုအပေါ် ယင်းမဲဆန္ဒနယ်၌ ယှဉ်ပြိုင်အရွေးခံသူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်းကြူက ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဟု ထည့်သွင်းဖော်ပြထားသည်။
UEC က ကြားနာစစ်ဆေးပြီး တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၅ အရ ရွေးကောက်ပွဲ ရလဒ်ပျက်ပြယ်ကြောင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ မဲအများဆုံးရသူ အနိုင်ယူစနစ်မှ အနိုင်ရရှိခဲ့သည့် ဦးခိုင်ဦး၏ ခိုင်လုံမဲများ တွက်ချက်မှုအရ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ခံထားရသူ ဦးတင်စိုးကိုပါ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခဲ့ခြင်း ဟု ဆိုထားသည်။
ပယ်ဖျက်ခံလိုက်ရသည့် ပြည်သူ့ပါတီ အမတ် ၂ ဦးနေရာတွင် USDP ပါတီ အမတ်များဖြစ်သော မြိတ်မြို့နယ်အတွက် ဦးဝင်းကြူ၊ လောင်းလုံမြို့နယ်အတွက် ဒေါ်မြမြစိမ်းတို့အား အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် မြို့နယ် ၁၀ ခုရှိရာ တိုင်းလွှတ်တော်အတွက် ကိုယ်စားလှယ်၂၀ ဦးရွေးချယ်ရမည်ဖြစ်ကာ USDP မှ ၁၄ ဦး၊ ပြည်သူ့ပါတီမှ ၄ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၂ တို့ဖြင့် တိုင်းလွှတ်တော်အစည်းအဝေးများပြုလုပ်လျက်ရှိရာ ပြည်သူ့ပါတီမှ ၂ ဦး ပယ်ဖျက်ခံလိုက်ရသဖြင့် USDP မှ ၁၆ ဦးထိ ရှိလာကြောင်း သိရသည်။
လက်ရှိတွင် ပြည်သူ့ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကြီးသည် အာဏာသိမ်းအစိုးရနှင့် ပူးပေါင်းနေသူလည်းဖြစ်ပြီး အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ၌ အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။
ပုံစာ- တနင်္သာရီတိုင်းလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
#WhatsHappeningInMyanmar
#RejectMilitaryCoup
23
16
15
2
1September 8, 2026 3K 2