လူသတ်ပြီး ကားလုသူ ရဲတပ်သားဖြစ်နေ
ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆
နေပြည်တော်မှ ကားအငှားဝန်ဆောင်မှုလုပ်ကိုင်သူ ယဉ်မောင်း ကိုဝင်းကိုအား သေနတ်နှင့် ပစ်သတ်ကာ ကားလုသွားသူမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်သား ရဲရင့်အောင်ဆိုသူဖြစ်ပြီး ယမန်နေ့က မိတ္ထီလာမြို့မှ နေပြည်တော်အတွင်းသို့ ပြန်ဝင်လာစဉ် ဘောဂသီရိအဝိုင်းနားအရောက်၌ ဖမ်းမိခဲ့ကြောင်း ဒေသခံများ၊ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲက ရဲရင့်အောင်ဆိုသူသည် ယဉ်မောင်း ကိုဝင်းကို မောင်းနှင်သည့် ကားအား နေပြည်တော် မြို့မစျေးမှ မိတ္ထီလာမြို့သို့ ကျပ် ၄ သိန်းဖြင့် ငှားရမ်းခေါ်ဆောင်သွားပြီးနောက် မိတ္ထီလာမြို့အဝင် ကန်ကြီးကုန်းကျေးရွာအနီး ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်သတ်ပြီး ကားလုသွားခဲ့ခြင်းဟု သိရသည်။
“သူက သင်တန်းဆင်းလာတာ သိပ်မကြာသေးဘူး၊ အဲဒီနေ့က သူ့ကောင်မလေးရှိတဲ့ မိတ္ထီလာကို သွားဖို့ ကားငှားသွားတာ၊ လမ်းမှာ သေနတ်နဲ့ ပစ်သတ်ပြီး ကားကို လုသွားတာ၊ သူက လူကုန်တားရဲတပ်ဖွဲ့မှာ တာဝန်ကျနေတာ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
ကားအငှားဝန်ဆောင်မှုလုပ်ကိုင်သူ အသက် ၃၄ နှစ်အရွယ် ယဉ်မောင်း ကိုဝင်းကိုသည် ဇဗ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာ၌ နေထိုင်သူဖြစ်ပြီး စက်တင်ဘာ ၆ ရက်က သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို အမြန်လမ်း ၂၇၉ မိုင် ၁ ဖာလုံတွင် တွေ့ရှိခဲ့ခြင်းဟု သိရသည်။
ကိုဝင်းကို ပိုင်ဆိုင်သည့် အဖြူရောင် Hyundai Accent အမျိုးအစား၊ ယာဉ်အမှတ် 9Q/4825 သည်လည်း ပျောက်ဆုံးနေခဲ့ရာ ရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်သူနှင့် ပျောက်ဆုံးနေသည့် မော်တော်ယာဉ်ကို လိုက်လံစုံစမ်းခဲ့ရာမှ ကျူးလွန်သူအား ဖမ်းဆီးနိုင်ခဲ့ကာ လက်ရှိတွင် ဒုရဲအုပ် ရဲရင့်အောင်ကို မိတ္ထီလာမြို့မရဲစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
29
10
8
6
2September 8, 2026 3.4K 8