မြန်မာ့အရေး ICC ကို လွှဲပေးဖို့ ကုလ လူ့အခွင့်အရေး အကြီးအကဲ တိုက်တွန်း
ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆
မြန်မာနိုင်ငံ၏ ဆိုးရွားလာသော လူ့အခွင့်အရေး အကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံတကာ ကြိုးပမ်းမှုများ မအောင်မြင်ခဲ့သဖြင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် ဂျနီဗာမြို့၌ ကျင်းပနေသည့် (၆၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီညီလာခံ၌ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာခ် (Volker Turk) က တိုက်တွန်းလိုက်သည်။
ထို့ပြင် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ ချိုးဖောက်ရာတွင် အသုံးပြုနိုင်ခြေရှိသော လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် စစ်ဘက်ပစ္စည်း တင်ပို့ရောင်းချမှုများကို ရပ်တန့်ကြရန်လည်း တောင်းဆိုခဲ့သည်။
၂၀၂၅ ဇူလိုင် ၁ ရက်မှ ၂၀၂၆ ဇွန်လ ၃၀ ရက်ထိ အစီရင်ခံစာ ကာလအတွင်း အပြစ်မဲ့ အရပ်သား ၁,၂၀၀ ကျော် သေဆုံးခဲ့ရကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များဖြင့် အတည်ပြုထားပြီး၊ သတင်းရင်းမြစ်တချို့အဆိုအရ အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ ၃,၀၀၀ ကျော်အထိ ရှိနိုင်ကြောင်း၊ အရပ်သား သေဆုံးမှု၏ အဓိက အကြောင်းအရင်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ အခြေအနေသည် အလွန်ဆိုးရွားနေကြောင်း၊ စစ်တပ်နှင့် အာရက္ခတပ်တော် (AA) နှစ်ဖက်စလုံး၏ မတရားဖမ်းဆီးမှု၊ ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှု၊ အတင်းအဓမ္မ ပျောက်ကွယ်စေမှု၊ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ အဓမ္မ စစ်သားစုဆောင်းမှုများ ခံနေရကြောင်းလည်း ဆိုသည်။
အာဏာသိမ်းအစိုးရသည် နိုင်ငံတကာဥပဒေအရ လိုက်နာရမည့် တာဝန်များအား လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ပုံမှန်ဆက်ဆံရေး ထူထောင်နိုင်ရေး ကြိုးပမ်းနေကြောင်း ၎င်းက ထောက်ပြသည်။
"မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး တောင်းဆိုမှုတွေမှာ နိုင်ငံအားလုံးအနေနဲ့ နိုင်ငံရေးအရရော ဘဏ္ဍာရေးအရပါ ကူညီပံ့ပိုးပေးကြဖို့ တောင်းဆိုပါတယ်" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ၏ အကြီးအကဲ Nicholas Koumjian ကလည်း စစ်အုပ်စုသည် နိုင်ငံတကာ ရာဇဝတ်မှုများကို ကြိမ်ဖန်များစွာနှင့် ပိုမို ပြင်းထန်စွာ ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်ပြခဲ့သည်။
စုံစမ်းစစ်ဆေးသူများအနေဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများတွင် ပါဝင်သည့် စစ်တပ်တပ်ရင်းများနှင့် ၎င်းတို့ စတင်ပျံသန်းရာ လေတပ်စခန်းများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ပထမအကြိမ် တိုက်ခိုက်ပြီးနောက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူများနှင့် ဒဏ်ရာရရှိသူများအား ကူညီပေးနေသူများကိုပါ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်သည့် "double-tap" လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားလာသည်ကိုလည်း အထောက်အထား ကောက်ယူနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
အစုလိုက်အပြုံလိုက် မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) အရ မြန်မာနိုင်ငံ၏ လိုက်နာရမည့် တာဝန်များနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ယခုနှစ်စပိုင်းတွင် ကြားနာပွဲများ ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါ အမှုအတွက် တရားသူကြီးများထံ တင်သွင်းခဲ့သည့် အထောက်အထား အများအပြားကို IIMM အနေဖြင့် ထောက်ပံ့ပေးခဲ့ကြောင်းလည်း ၎င်းက ထည့်သွင်းပြောသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
39
27
6
1September 8, 2026 3.6K 7