ထိုင်းနိုင်ငံတွင် လိင်တံကြီးထွားဆေး ထိုးခဲ့သူ Influencer တဦး သေဆုံးသွားခဲ့
ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လိင်တံကြီးထွားအောင် ပြုလုပ်သည့် ဆေးကုသမှု ခံယူအပြီးတွင် ဆေးဘေးထွက်ဆိုးကျိုးကြောင့် ဗြိတိသျှ-နိုင်ဂျီးရီးယား နွယ်ဖွား အွန်လိုင်း Influencer တဦး သေဆုံးသွားခဲ့သည်။
The SunNigeria ဝဘ်ဆိုက်၏ ဖော်ပြချက်အရ Ego ဟု လူသိများသည့် အီဂို "တိုင်နီ" ယူဘီရီဘို (Igho “Tiny” Ubiribo) သည် လိဒိုကိန်း (lidocaine) နှင့် ဟိုင်ယာလူရိုးနစ် အက်ဆစ် (hyaluronic acid) ၄၀ မီလီလီတာ ထိုးနှံသည့် ကုသမှု ခံယူပြီးနောက် မတ်လအတွင်း ထိုင်းနိုင်ငံ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် သေမှုသေခင်း စုံစမ်းစစ်ဆေးပွဲတွင် လွန်ခဲ့သည့်လက ထွက်ဆိုခဲ့ကြသည်။
ယူဘီရီဘိုသည် ဆေးကုသမှု ခံယူပြီး မကြာမီ ၎င်း၏ ဇနီးဖြစ်သူ ဒန်နီယဲလ် ဆင်ဘာ အဲလင်း (Danielle Simba Allen) ထံမှ အနှိပ်ခံနေစဉ် ရင်ဘတ်အောင့်လာပြီး နှစ်ကြိမ်တိုင်တိုင် သတိလစ် လဲကျသွားခဲ့ကြောင်း သိရသည်။ ၎င်းကို ဆူခွန်ဗစ် ဆေးရုံသို့ အရေးပေါ် ကားဖြင့် ပို့ဆောင်ခဲ့ရာ ဆရာဝန်များက အဆုတ်သို့ သွေးစီးဆင်းမှုကို ပိတ်ဆို့နေသည့် သွေးခဲတခုကို တွေ့ရှိခဲ့ကြသည်။
စီတီစကင်န် (CT scan) ရိုက်ရန် အကြံပြုခဲ့သော်လည်း မရိုက်မီ ယူဘီရီဘိုသည် အသိစိတ် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက မိနစ် ၁၀၀ ခန့် ပြန်လည် အသက်ရှူနိုင်အောင် ကြိုးပမ်းခဲ့သော်လည်း မတ်လ ၆ ရက် နံနက်စောစောပိုင်းတွင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ရသည်။
ယူကေတွင် ပြုလုပ်ခဲ့သည့် ရောဂါဗေဒဆိုင်ရာ ရုပ်အလောင်း စစ်ဆေးချက်အရ ၎င်း၏ အဆုတ်အတွင်း ဟိုင်ယာလူရိုးနစ် အက်ဆစ်နှင့် ဆင်တူသော ဆဲလ်ဒြပ်ဝတ္ထုများကို တွေ့ရှိခဲ့သည်။ ဤတွေ့ရှိချက်များသည် ဆေးထိုးနှံမှုကြောင့် သွေးခဲ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဆိုသည့် ကောက်ချက်ကို အထောက်အကူပြုခဲ့သည်။
သေမှုသေခင်း စုံစမ်းစစ်ဆေးသူက လိင်တံအတွင်း ဟိုင်ယာလူရိုးနစ် အက်ဆစ် ထိုးနှံအပြီး အဆုတ်သွေးကြော ပိတ်ဆို့မှု (pulmonary embolism) ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့ပြီး ယူဘီရီဘိုသည် "ပြည်ပတွင် အလှအပဆိုင်ရာ ကုသမှု ခံယူခြင်း၏ ရလဒ်ကြောင့်" သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။
Daily Mail သတင်းစာ၏ ဖော်ပြချက်အရ Instagram တွင် ဖော်လိုဝါ ၁၈၅,၀၀၀ ခန့် ရှိသည့် ယူဘီရီဘိုကို မေလအတွင်းက လန်ဒန်မြို့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ကိုးကား။ ။ Bangkok Post သတင်း Influencer died after penis enlargement procedure in Thailand
21
15
6
5September 8, 2026 3.5K 14